ဖမ်းဆီးရိုက်နှက်ခံရသည့် အတွင်းဒဏ်ရာကြောင့် အမ်းဒေသခံတစ်ဦး ဆေးကုသမှုခံယူခဲ့ရဟု မိသားစုပြော

ဖမ်းဆီးရိုက်နှက်ခံရသည့် အတွင်းဒဏ်ရာကြောင့် အမ်းဒေသခံတစ်ဦး ဆေးကုသမှုခံယူခဲ့ရဟု မိသားစုပြော

စစ်တပ်ကဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် တရားစွဲဆိုမှုကိုခံထားရသည့် အမ်းဒေသခံတစ်ဦးမှာ ဖမ်းဆီးခံရစဉ်က ရိုက်နှက်ခံရသည့်အတွင်းဒဏ်ရာများကြောင့် ဆေးရုံတက်ရောက် ကုသမှုခံယူခဲ့ရကြောင်း မိသားစုဝင်များက ပြောဆိုသည်။

အမ်းမြို့နယ်၊ စနဲကျေးရွာမှ အသက် ၄၂ နှစ်အရွယ် ဦးညီပုမှာ စစ်တပ်ကဖမ်းဆီးစဉ် ရိုက်နှက်ခံခဲ့ရသည့်ဒဏ်ကြောင့် ယခုစက်တင်ဘာ ၂၁ ရက်နေ့က ဆေးရုံတက်ရောက်ကုသခဲ့ရသည်ဟု ၎င်း၏မိသားစုဝင်များက ပြောသည်။

ဦးညီပု၏ ညီမဖြစ်သူက "သူဆေးရုံတက်ရမယ့်အခြေအနေကို မိသားစုကိုအသိမပေးဘူး။ ထောင်ကတစ်ယောက်ကိုဖုန်းဆက်မေးတော့မှ ဆေးရုံကိုတင်လိုက်ရတယ်။ ဒါပေမဲ့ ဆရာဝန်က ဆေးရုံတက်စရာမလိုဘူးပြောလို့ပြန်ခေါ်ယူခဲ့တယ်လို့ပြောတယ်။ သူတို့ကသာ ဘာမှမဖြစ်ဘူးပြောနေတာ။ ဖြစ်နေတဲ့ကျွန်မအကိုခမျာ ထမင်းတောင်မစားနိုင်ရှာဘူး။ အခုလည်းထောင်ထဲမှာ Quarantine ဝင်ခိုင်းထားတယ်လို့တော့ပြောသွားတယ်" ဟု DMG သို့ ပြောသည်။

ဦးညီပုမှာ ဖမ်းဆီးထိန်းသိမ်းခံရစဉ်က ရိုက်နှက်ခံရမှုကြောင့် ဘယ်ဖက်နံရိုးတစ်ချောင်းကျိုးနေပြီး ယင်းဒဏ်ရာကြောင့်မကြာခဏနေမကောင်းဖြစ်သဖြင့် ပြင်ပဆေးရုံ၌ဆေးကုသခွင့်ပေးရန် မိသားစုများက သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ တင်ပြခဲ့သော်လည်း မရရှိခဲ့ကြောင်းသိရသည်။

ဦးညီပု၏အကိုဖြစ်သူ ဦးစံရွှေက "ပြီးခဲ့တဲ့အပတ်က ကျနော့်ညီနဲ့အဆက်အသွယ်ရလို့မေးကြည့်တော့ နံရိုးကျိုးနေတဲ့အတွက်ကြောင့် ထမင်းမစားတာ ၄/၅ ရက်ရှိပြီတဲ့။ ကျနော်တို့လည်း သူ့ဆီကိုဆေးဖိုးလွှဲပေးရတာ တစ်သိန်းကျော်ဖိုးရှိနေပြီ။ ကျနော်တို့ကတော့ ထောင်ထဲကဆေးကုပေးတာကို အားမရဘူး။ သူတို့ဆေးကုပေးရင်လည်း အမြဲထပ်ဖြစ်တယ်။ ဒါကြောင့် အပြင်ကဆေးရုံမှာ ဆရာဝန်ကြီးတွေနဲ့ပြပြီး ပျောက်အောင်ကုပေးချင်တယ်" ဟု ပြောသည်။

၂၀၂၁ ခုနှစ်၊ မေလ ၂၂ ရက်နေ့က ဦးညီပုကို ရုံးထုတ်စစ်ဆေးသည့်အချိန်တွင်လည်း နေမကောင်းသဖြင့် ကျောက်ဖြူဆေးရုံကြီး၌ ဆေးကုသမှုခံယူခဲ့ရကြောင်း မိသားစုထံမှ သိရသည်။

အမ်းမြို့နယ်၊ စနဲကျေးရွာသို့ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်နေ့က တပ်မတော်စစ်ကြောင်းတခုဝင်ရောက်လာကာ ဦးညီပု၊ ဦးမောင်သန်းတင်၊ ကိုမင်းစိုးနိုင်နှင့် ဦးမောင်သန်းမြင့်တို့လေးဦးကို နေအိမ်မှ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့လေးဦးကို နိုဝင်ဘာလ ၂၃ ရက်နေ့တွင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)/၅၂(က) တို့ဖြင့် ကျောက်ဖြူခရိုင်တရားရုံး၌တရားစွဲဆိုခဲ့ပြီး လက်ရှိမှာ ကျောက်ဖြူအကျဉ်းထောင်မှ တရားရင်ဆိုင်နေရသည်။

ရခိုင်တွင် မြန်မာစစ်တပ်နှင့် ရခိုင့်တပ်တော်တို့အကြား တိုက်ပွဲဖြစ်ပွားမှု ၂ နှစ်တာကာလအတွင်း AA နှင့်ဆက်စပ်သည်ဆိုသော သံသယဖြင့်ဖမ်းဆီးတရားစွဲဆိုခံခဲ့ရသူ ၂၀၀ ကျော်အထိရှိပြီး ယင်းအထဲမှအချို့ကို စစ်ကောင်စီက အမှုရုပ်သိမ်းကာပြန်လွှတ်ပေးခဲ့သည်။

သို့သော် လူအစုလိုက်ဖမ်းဆီးချုပ်နှောင်ခံရသော ထင်ရှားသည့်အမှုများကို ရုပ်သိမ်းပေးခြင်းမရှိသေးဘဲ အကျဉ်းထောင်များတွင် တိုက်ပွဲကာလအတွင်းက သံသယဖြင့်ဖမ်းဆီးထိန်းသိမ်းခံထားရသူဦးရေ ၁၆၀ ကျော်အထိကျန်ရှိနေသေးကြောင်း ဖမ်းဆီးခံရသူများ၏စာရင်းကိုကောက်ယူထားသည့် အဖွဲ့အစည်းများ၏ မှတ်တမ်းအရ သိရသည်။

 
 

 

 

Most read this week

ဓာတ်ပုံ - ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးများကို တွေ့ရစဉ် / DMG - ပုံဟောင်း
August 22, 2026
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ဦးရေ ၅ သိန်းကျော်...
APM (ဩဂုတ်လ ၁၅ ရက်က ဘူးသီးတောင်မြို့နယ်၊ ဂေါင်နီကျေးရွာရှိ သောက်ရေကန်ကို ရခိုင်၊ ဟိန္ဒူ၊ မွတ်ဆလင်များနှင့် ULA/AA တို့ သန့်ရှင်းရေး ပူးပေါင်းပြုလုပ်စဉ်။)
August 21, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် လူမှုသဟဇာတ...
(ဓာတ်ပုံ - Crd)  (ပုံစာ - သရုပ်ပြ ဓာတ်ပုံ။)
August 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် ၉ လအရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား...
ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)
August 19, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ...