သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် နောင်ဆင်ကျေးရွာ အနီးတွင် စခန်းချနေသည့် မြောက်ပိုင်း တပ်ပေါင်းစု TNLA, SSPP ကို ထမင်းသွားပို့ရန် အသွားလမ်းတွင် သေနတ်ပစ်ခံရကြောင်း စုံစမ်းသိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၁၈ ရက် ညနေ ၄ နာရီဝန်းကျင်တွင် နောင်ဆင်ကျေးရွာအနီး စခန်းချနေသည့် မြောက်ပိုင်းတပ်ပေါင်းစုဖြစ်သည့် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ဒေသခံများက ထမင်းသွားပို့စဉ် လွိုင်စနေတွင် သေနတ်ပစ်ခံရပြီး အမျိုးသားတစ်ဦး၏ ရင်ဘတ်တွင် ကျည်းထိမှန်းခဲ့ကြောင်း သိရသည်။
“သူတို့ (၃) ယောက်သွားတာ။ ဘယ်အဖွဲ့ကနေပစ်လည်းတော့ သေချာမသိဘူး။ (၂) ချက်လောက်ပစ်တာ။ ပထမတစ်ချက်ပစ်တာမထိလို့ နောက်တစ်ချက်ပစ်တာ။ လိုက်ပို့ပေးတဲ့ တယောက် ရင်ဘတ်နားထိသွားတာ။” ဟု နောင်ဆင်ကျေးရွာခံတဦးက ပြောသည်။
ထိုတပ်ပေါင်းစု အတွက် ဒေသခံများက တရက်ကို နေ့စားဖြင့် ထမင်းဟင်းချက်ပေးပြီး ၎င်းတို့ ရှိရာနေရာတွင် သွားရောက် ပို့ဆောင်ပေးရကြောင်းသိရသည်။
“ကျနော်တို့ ထမင်း၊ဟင်း ချက်ပြီးပို့ပေးရတယ်။ တရက်ကို ၅ ထောင်ရတယ်။ ရွာမှာလည်း အလုပ်မရှိဘူး။ သူတို့နေတဲ့နေရာမှာ ရေကော မီးကောမရှိဘူး။အဲကြောင့်ချက်ပေးရတာ” ဟု နောင်ဆင်ဒေသခံတဦးက ပြောသည်။
ထို ပစ်ခတ်မှုတွင် ဒေသခံများပြောပြချက်အရ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ RCSS/SSA က ပစ်ခတ်ခဲ့ကြောင်းသိရသည်။
“ကျနော်တို့ မြေပြင်က သတင်းအရ ကျနော်တို့ သေချာမသိရသေးဘူး။ အသေးစိတ်ကျနော်တို့ မကြည့်ရဘူး” ဟု သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ပြောခွင့်ရ ဗိုလ်မှူးစိုင်းခမ်းစံက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ထို ပစ်ခံရသည့် သူကို တပ်ပေါင်းစုမှ ဆေးကုသပေးသော်လည်း လက်ရှိတွင်၎င်း၏ ကျန်းမာရေးအခြေနေကို မသိရှိရသေးကြောင်း ဒေသခံများက ပြောသည်။
“သူကို ပန်ကွမ်ဆေးရုံမှာခေါ်သွားကုပေးလိုက်ပြီး။ ခုတော့ သူကျန်းမာရေးခြေနေတော့ မသိရသေးဘူး။ ပြန်ရောက်လာပြီးလိုတော့ပြောတယ်။ ကျမတို့တော့ မသွားကြည့်ရသေးဘူး။ ရင်ဘတ်နားထိသွားတာဆိုတော့ ဆိုးမယ်ထင်တယ်။” ဟု နောင်ဆင်ကျေးရွာခံ အမျိုးသမီး တဦးက ပြောသည်။
ကျောက်မဲဒေသတွင် တိုင်းရင်းသားလက်နက်ကိုင်များ ဖြစ်သည့် RCSS နှင့် တပ်ပေါင်းစု (TNLA, SSPP) သွားလာလှုပ်ရှာနေသည့် ဒေသဖြစ်ပြီး၊ မကြာခဏ တိုက်ပွဲဖြစ်ပွားသည့်နေရာဖြစ်သည်။
လက်ရှိမှာ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းဖြစ်ပွားသည့် တိုက်ပွဲကြောင့် ပြည်သူ ၂၅၀၀ ဝန်းကျင် စစ်ဘေးရှောင်နေကြရကြောင်းသိရသည်။







