မင်းပြားတွင် လျှပ်စစ်မီးမကြာမကြာပျက်၍ ဒေသခံများအခက်အခဲဖြစ်

မင်းပြားတွင် လျှပ်စစ်မီးမကြာမကြာပျက်၍ ဒေသခံများအခက်အခဲဖြစ်

ရခိုင်ပြည်နယ် မင်းပြားမြို့တွင် လျှပ်စစ်မီး မကြာမကြာပြတ်တောက်နေ၍ ဒေသခံများ အခက်အခဲဖြစ်နေသည်ဟု သတင်းရရှိသည်။

မင်းပြားမြို့၊ ဥက္ကာပျံရပ်ကွက်မှ ကိုကျော်ဌေးက လျှပ်စစ်မီးပြတ်တောက်ချိန်ကို မှန်းမကျသည့်အတွက် ပြည်သူများကြိုတင်ပြင်ဆင်ထားနိုင်ရန် ကြိုတင်ထုတ်ပြန်ချက်၊ အသိပေးမှုများလုပ်ပေးစေလိုကြောင်းပြောသည်။

"အချိန်ကမှန်းမကျဘူး။ ထမင်းချက်ချိန်တွေမှာပျက်တာမျိုးလည်းရှိတယ်။ ဖြစ်နိုင်ရင် လျှပ်စစ်ဌာနကိုအကြံပြုချင်တာက အများပြည်သူကိုကြိုတင်အသိပေးနိုင်ဖို့ facebook page ဖွင့်ထားရင်ကောင်းမယ်။ ရပ်ကွက်လိုက်မီးပြတ်မဲ့အချိန်လေးဖော်ပြထားရင် ထမင်းတွေဘာတွေကြိုချက်ထားလို့ရတယ်လေ။ ဝန်မနိုင်လို့မီးပြတ်တာမျိုးကိုတော့ ကျွန်တော်တို့လည်းနားလည်လို့ရပါတယ်။" ဟု ပြောသည်။

မင်းပြားမြို့တွင် ရပ်ကွက် ၈ ခုရှိပြီး နေရာကွက်ကျား လျှပ်စစ်မီးပြတ်တောက်နေခြင်းဖြစ်သည်ဟု မြို့ခံများက ပြောသည်။

မင်းပြားမြို့တွင် လျှပ်စစ်ပစ္စည်းပြပြင်ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူ ကိုညီညီအောင်က "နေ့တိုင်းလိုလိုက မီးပြတ်တယ်။ မီးပြတ်တာနဲ့ပတ်သတ်ပြီး ကြေညာတာမျိုးတွေလည်းမရှိဘူး။ ခဏခဏမီးပြတ်နေတော့ အလုပ်လုပ်ရတာအဆင်မပြေဘူး။" ဟု ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး မင်းပြားမြို့နယ်လျှပ်စစ်အင်ဂျင်နီယာဦးမျိုးမင်းကျော်က မင်းပြားတွင် လျှပ်စစ်မီးမပြတ်တောက်စေရန် Transformer အား တိုးချဲ့မှုများလုပ်သွားမည်ဟု နိရဥ္စရာကိုပြောသည်။

"ဟိုတလောကတော့ ပြတ်ခဲ့တယ်။ နောက်ပိုင်းကအဲ့လောက်မပြတ်တော့ဘူး။ အခုကတော့ အတတ်နိုင်ဆုံး မီးသုံးသူနဲ့ load နဲ့မျှအောင် ထိန်းပြီးလုပ်ထားပါတယ်။ မင်းပြားဓာတ်အားခွဲရုံမှာရှိတဲ့ Transformerတွေကိုလည်း ထပ်ပြီး 5MVA ကနေ 10MVA အထိတိုးချဲ့မဲ့အစီစဉ်တွေလည်းရှိပါတယ်။" ဟုပြောသည်။

မင်းပြားမြို့သည် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီး ၂၄ နာရီဖြန့်ဖြူးပေးထားသည့် ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ်တစ်ခုဖြစ်သည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...