ရခိုင်မှ လူ ၅ သောင်းအား Vitamin D3 ကိုယ်ခံအားမြှင့်ဆေးရည် တိုက်ကျွေး

ရခိုင်မှ လူ ၅ သောင်းအား Vitamin D3 ကိုယ်ခံအားမြှင့်ဆေးရည် တိုက်ကျွေး
ဓာတ်ပုံ - ကိုသက်လွင်ဖြိုး
ဓာတ်ပုံ - ကိုသက်လွင်ဖြိုး

ရခိုင်ပြည်နယ်အတွင်းမှ လူပေါင်း ၅ သောင်းအား Vitamin D3 ကိုယ်ခံအားမြှင့်ဆေးရည်ကို တိုက်ကျွေးနေကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်းမှ သံတွဲ၊ ဂွနှင့် ရသေ့တောင်မြို့နယ်များမှ လူပေါင်း ၅ သောင်းကို ယမန်နေ့ စက်တင်ဘာလ ၁၂ ရက်မှ စတင်တိုက်ကျွေးနေခြင်းဖြစ်သည်ဟု သိရသည်။

ငပလီမြို့ ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေးစင်တာမှ ပို့ဆောင်ရေးတာဝန်ခံ ကိုသက်လွင်ဖြိုးက “ကိုဗစ်ကာကွယ်ဆေးတော့ မဟုတ်ဘူး။ အဓိကတော့ ကိုယ်ခံအားရှိစေဖို့အတွက်ပါ။ ကိုဗစ်ကူးစက်ခံရတယ်ဆိုရင်တောင် အောက်ဆီဂျင်မကျစေဘူးပေါ့။ နောက်ပြီးတော့ အသက်ကြီးတဲ့လူတွေလည်း ဒူးနာ၊ ခါးနာ၊ အဆစ်အရိုးပွတာတွေကို သက်သာစေတဲ့ အားဆေးတစ်မျိုးပါ” ဟု ပြောသည်။

အဆိုပါဆေးရည်ကို မြန်မာ့ဆောက်လုပ်ရေးလုပ်ငန်းအသင်းချုပ်ရုံး (MCEF) ဥက္ကဋ္ဌ ဦးရှိန်ဝင်းတို့မိသားစုက မြန်မာတစ်နိုင်ငံလုံးရှိ ကိုဗစ်ရောဂါကူးစက်မှုများနေသည့် ဒေသများအတွက် လှူဒါန်းပေးနေခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း သံတွဲ၊ ဂွနှင့် ရသေ့တောင်မြို့နယ်များမှ လူပေါင်း ၅ သောင်းအတွက် ခွဲတမ်းရရှိခြင်းဖြစ်သည်။

သံတွဲတွင် ငပလီမြို့၊ ဂွတွင် မြို့ပေါ်နှင့် ဂွမြို့နယ် ကျိန္တလီမြို့နှင့် ရသေ့တောင်တွင် မြို့နယ်တွင်းရှိ စစ်ဘေးရှောင်ဦးရေ ၂ သောင်းအတွက် ရရှိထားခြင်းဖြစ်သည်။

ရသေ့တောင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ခင်စောဝေက “ရသေ့တောင်မှာရှိတဲ့ စစ်ဘေးရှောင်စခန်းအားလုံးကိုလည်း တိုက်ဖြစ်ပါတယ်။ နောက်ပြီးတော့ စေတီပြင်မှာရှိတဲ့ Camp တွေကိုလည်း တိုက်ဖြစ်ပါတယ်။ ဆေးတိုက်တာက အသက် ၁၆ နှစ်အထက်ဆိုရင် ရေသန့်ဗူးမှာပါတဲ့ အဖုံးခွံအပြည့်ပေါ့နော်။ ၆ နှစ်နဲ့အထက်ကလေးတွေကိုဆိုရင်တော့ အဲဒီအဖုံးရဲ့ထက်ဝက်ကို တိုက်တာပါ။” ဟု ပြောသည်။

ရသေ့တောင်မြို့တွင် ဆေးရည်များတိုက်ကျွေးရာ၌ ဆေးကိုမယုံကြည်သူများလည်းရှိကြောင်းနှင့် မနက်ဖြန် စက်တင်ဘာလ ၁၄ ရက်တွင် စစ်ဘေးရှောင်စခန်းများအပြင် မြို့တွင်းမှ ဆေးသောက်လိုသူများကိုလည်း ဆက်လက်တိုက်ကျွေးသွားမည်ဟု ဒေါ်ခင်စောဝေက ပြောသည်။

ဂွမြို့နှင့် ကျိန္တလီမြို့နယ်များအတွက် ဆေးရည်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှတဆင့် ပေးပို့လှူဒါန်းထားသည်ဟု သိရသည်။

ငပလီမြို့ ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေးစင်တာမှ ပို့ဆောင်ရေးတာဝန်ခံ ကိုသက်လွင်ဖြိုးက “ဆေးကတော့ အသက် ၆ နှစ်ကနေ တိုက်နိုင်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဆေးရည်ကနည်းတဲ့အတွက် ကျနော်တို့ဆီမှာတော့ အသက် ၃ဝ ကစပြီး သက်ကြီးပိုင်းတွေကို ဦးစားပေးအနေနဲ့ တိုက်ပါတယ်” ဟု ပြောသည်။

အဆိုပါဆေးရည်ကို သောက်သုံးခြင်းဖြင့် Covid-19 ရောဂါကူးစက်ခံရပါက ကိုယ်ခံအား ကောင်းမွန်စေခြင်း၊ Covid-19 positive လူနာများ ခုခံအားကောင်းမွန်စွာဖြင့် ရောဂါဝေဒနာများကို ကျော်ဖြတ်နိုင်ခြင်း၊ ရောဂါဖြစ်ပြီး ပြန်လည်အားအင်ပြည့်ရန် နာလံထစလူနာများအတွက်အားပြည့်စေခြင်းနှင့် Covid-19 ကပ်ရောဂါဘေးကြောင့် ကာလကြာနေအိမ်မှ အပြင်မထွက်ကြရသည့် မြေဓာတ်မရရှိသူများအတွက် သင့်တော်သည့် ဆေးရည်တစ်မျိုးဖြစ်ခြင်း၊ သက်ကြီးရွယ်အိုးများအတွက် ဒူးနာ၊ ခါးနာ၊ အဆစ်အမြစ်နာ၊ အရိုးပွ၊ အရိုးကျွတ်ဝေဒနာများကို သက်သာစေခြင်းစသည့် အကျိုးအာနိသင်များကို ရရှိနိုင်ကြောင်း သိရသည်။

 
 

 

 

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...