စစ်တွေတွင် လမ်းဘေးခွေးလေလွင့်များအတွက် ခွေးဂေဟာတစ်ခုဖွင့်လှစ်ရန် စီစဉ်နေ

စစ်တွေတွင် လမ်းဘေးခွေးလေလွင့်များအတွက် ခွေးဂေဟာတစ်ခုဖွင့်လှစ်ရန် စီစဉ်နေ

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လမ်းဘေးခွေးလေလွင့်များကို ကျွေးမွေးစောင့်ရှောက်နိုင်ရန်အတွက် ခွေးဂေဟာတစ်ခုဖွင့်လှစ်ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

အဆိုပါခွေးဂေဟာဖွင့်လှစ်နိုင်ရန် စစ်တွေရှိ Sliver Heart Animals Rescue Sittwe အဖွဲ့က စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ပြီး လက်ရှိတွင် ခွေးဂေဟာဖြစ်မြောက်ရန် စေတနာရှင်များထံမှ လှူဒါန်းထည့်ဝင်ငွေများမှာ ၁၀ သိန်းနီးပါးခန့်ရရှိနေပြီဟု သိရသည်။

Sliver Heart Animals Rescue Sittwe မှ တာဝန်ခံဖြစ်သူဒေါ်ညိုညိုက “ခွေးကလေးတွေဟာ နှစ်စဉ်နှစ်တိုင်းအသတ်ခံနေရတယ်။ အစားတစ်လုပ်အတွက် ပင်ပန်းကြီးစွာ ရှာဖွေစားသောက်နေကြရတယ်။ အဲလိုအခြေအနေတွေကနေ ကယ်တင်ပေးချင်တယ်။ အဓိကကတော့ ဒီလိုဂေဟာတစ်ခုရရင် သူတို့ကို စောင့်ရှောက်ပေးနိုင်မယ်၊ မျိုးပွားတဲ့ အန္တရာယ်တွေကိုလည်း တားဆီးပေးနိုင်မယ်။ လမ်းပေါ်သွားလာနေတဲ့  ဆိုင်ကယ်၊ ကား မတော်တဆထိခိုက်မှုဖြစ်တာတွေလည်း လျော့နည်းသွားမယ်လို့ ထင်တယ်” ဟု ပြောသည်။

ခွေးဂေဟာမြေနေရာအတွက် အစိုးရထံမှ မြေငှားရန်စီစဉ်ထားပြီး လာမည့်အောက်တိုဘာလတွင် စာတင်တောင်းဆိုသွားရန် မြို့နယ်စည်ပင်တာဝန်ခံနှင့် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးထားပြီဟုလည်း ဆိုသည်။

ခွေးကလေးများ၏ မျိုးပွားနှုန်းထိန်းချုပ်မည့်လုပ်ငန်းများကိုလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ တိရစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့နှင့် တိုင်ပင်ဆွေးနွေးမှုများရှိပြီး ဂေဟာထူထောင်ရေးလုပ်ငန်းအတွက် ရန်ပုံငွေအင်အားနှင့် နားလည်တတ်ကျွမ်းသည့် တိ/မွေး/ကုဆရာဝန်များ၊ ပညာရှင်များလည်း လိုအပ်နေကြောင်း သိရသည်။

လက်ရှိတွင် Sliver Heart Animals Rescue Sittwe အဖွဲ့သည် လမ်းဘေးရှိ ခွေးကလေးများကို တပိုင်တနိုင် အစာကျွေးခြင်းလုပ်ငန်းများကို လုပ်ဆောင်နေပြီး ယင်းသို့လှည့်ပတ်ကျွေးမွေးကြစဉ် ခွေးကိုအဆိပ်ချသတ်သည့်အဖွဲ့နှင့် ရပ်ကွက်နေသူများက အထင်လွဲမှားမှုများရှိနေကြောင်း သိရသည်။

“ကျနော်တို့အစာသွားကျွေးကြတဲ့အခါဆိုရင် ခွေးသတ်သမားတွေ မင်းတို့ကို ခွေးတွေကဘာလုပ်လို့ သတ်နေကြတာလဲဆိုပြီး အထင်မှားပြီး ပြောကြတာတွေရှိိတယ်။” ဟု အဆိုပါအဖွဲ့မှ ကိုသူရိန်လင်းက ပြောသည်။

စစ်တွေတွင် မြို့နေလူထုများအား ခွေးရူးပြန်ရောဂါနှင့် ခွေးကိုက်သည့်အန္တရာယ်မဖြစ်စေရေးအတွက် သြဂုတ်လ ၂၈ ရက် (စနေနေ့)၊ စက်တင်ဘာလ ၄ ရက် (စနေနေ့) နှင့် စက်တင်ဘာလ ၁၁ ရက် (စနေနေ့) တို့တွင် ခွေးလေခွေးလွင့်များကို မြို့နယ်စည်ပင်က ညအချိန် အစာကျွေးပြီး သုတ်သင်ရှင်းလင်းခဲ့မှုများရှိခဲ့သည်။

ယင်းသို့သုတ်သင်ရှင်းလင်းခဲ့မှုအပေါ် ခွေးချစ်သူများက ဝေဖန်မှုများရှိခဲ့ပြီးနောက် ခွေးလေခွေးလွင့်များအတွက် ယခုကဲ့သို့ ဂေဟာတစ်ခုဖြစ်ပေါ်ရန် စီစဉ်လာကြခြင်းဖြစ်သည်ဟု သိရသည်။

Photos - Sliver Heart Animals Rescue Sittwe

 
 

 

 

Most read this week

August 3, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောရပ်ကွက်အပြင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကိုလည်း...
August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...