ကိုဗစ်ကြောင့် ပိတ်ထားသည့် ရခိုင်နယ်စပ်ကုန်သွယ်ရေးစခန်းများ ယခုလအတွင်း ပြန်ဖွင့်နိုင်ဟုဆို

ကိုဗစ်ကြောင့် ပိတ်ထားသည့် ရခိုင်နယ်စပ်ကုန်သွယ်ရေးစခန်းများ ယခုလအတွင်း ပြန်ဖွင့်နိုင်ဟုဆို

ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းအတွင်းပိတ်ထားရသည့် နယ်စပ်ကုန်သွယ်ရေးစခန်းများကို ယခုလအတွင်း ပြန်ဖွင့်နိုင်ခြေရှိကြောင်း ပြည်နယ်အစိုးရအဖွဲ့၏ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းက ပြောသည်။

"နယ်စပ်ကုန်သွယ်ရေးကြောင့် ကိုဗစ်ဖြစ်တာမရှိခဲ့ဘူး။ ပြန်ဖွင့်ဖို့ကို ပြည်နယ်အစိုးရက ပြည်ထောင်စုစီးပွားရေးဝန်ကြီးကိုတင်ပြဖို့လုပ်နေတယ်။ အခြေခံအားဖြင့် အချက်အလက်တွေကို တင်ပြဖို့လုပ်နေပြီ။ မတင်ရသေးဘူး။ တင်ပြလို့ ပြည်ထောင်စုက ခွင့်ပြုတယ်လို့ ကြေညာချက်ရတာနဲ့ ဖွင့်မယ်။ ဒီစက်တင်ဘာလထဲမှာ ဖြစ်နိုင်တယ်။” ဟုပြောသည်။

ရခိုင်တွင် ကိုဗစ်တတိယလှိုင်းအတွင်း ကိုဗစ်ဖြစ်ပွားမှုနှုန်းမြင့်တက်လာခဲ့သည့်အတွက် နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သည့် စစ်တွေရွှေမင်းဂံစခန်း၊ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် မောင်တောမြို့ရှိ ကညင်ချောင်း စီးပွားရေးဇုံတို့ကို ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်မှစတင်ပိတ်ထားခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

ယခုအခါ ကိုဗစ်ဖြစ်ပွားမှုနှုန်း လျော့ကျလာနေပြီဖြစ်၍ ယခုကဲ့သို့ ပြန်လည်ဖွင့်လှစ်ရန်စီစဉ်ရခြင်းဖြစ်သည်ဟု သိရသည်။

မောင်တောမြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးအောင်ကျော်ညွန့်ကမူ ရခိုင်တွင် ကိုဗစ်ဖြစ်ပွားမှုလျော့ကျလာသော်လည်း တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကိုဗစ်ဖြစ်ပွားမှုလျော့ကျခြင်းမရှိသေးသည့်အတွက် စီးပွားရေးထက် ကျန်းမာရေးကို ပိုဦးစားပေးသင့်သည်ဟု ထောက်ပြပြောဆိုသည်။

“သူတို့ရောဂါမဖြစ်ရဘူးလို့ အာမခံနိုင်သလား။ အဲလိုလည်း အာမ မခံနိုင်ဘူး။ ဒီမှာလည်း ကူးစက်မှုဖြစ်နိုင်မဲ့အလားအလာမရှိနိုင်ဘူးလို့လည်း ဘယ်သူက အာမခံနိုင်မလဲ။ တကယ်တမ်းကတော့ စီးပွားရေးကိစ္စနဲ့ ကျန်းမာရေးကိစ္စမှာ ကျန်းမာရေးကိစ္စကိုတော့ ပိုပြီးဦးစားပေးသင့်တယ်လို့ မြင်ပါတယ်။ အဲဒီဘက် လျော့သွားတဲ့အခြေအနေမရှိဘဲ ဒီဘက်က၊ ကိုယ်တို့ဘက်က နည်းနည်းလျော့တယ်ဆိုပြီး စီးပွားရေးကိစ္စကို ဦးစားပေးလိုက်ရင် နေရာကျမယ်မထင်ဘူး။”

အဆိုပါနယ်စပ်ကုန်သွယ်ရေးစခန်းများကို စက်တင်ဘာလ ၁၅ ရက်အတွင်း ပြန်လည်ဖွင့်လှစ်နိုင်ရန် ပြည်နယ်အစိုးရအဖွဲ့နှင့် နယ်စပ်ကုန်သွယ်ရေးစခန်းတာဝန်ရှိသူများက သြဂုတ်လ ၂၃ ရက်တွင် တွေ့ဆုံဆုံးဖြတ်ထားခဲ့ကြသေးသည်။

သို့သော် သြဂုတ်လ ၃၁ ရက်စစ်ဆေးချက်အရ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇ ပြောင်းလဲသော Delta မျိုးစိတ်ပိုးရှိသူ ၁၅ ဦးတွင် စစ်တွေမှ ၁ ဦးပါဝင်လာခဲ့ပြီးနောက် စက်တင်ဘာ ၁၅ ရက်ဖွင့်မည့်အစီအစဉ်ကို ရက်ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း ယနေ့ စက်တင်ဘာလ ၁၃ ရက်အထိ ကိုဗစ်ရောဂါဖြစ်ပွားသူ ၄၅၇၇ ဦးနှင့် သေဆုံးသူ ၄၂၇ ဦးရှိသွားပြီဟု ပြည်နယ်အစိုးရက ထုတ်ပြန်ထားသည်။

 
 

 

 

Most read this week

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...