လစာ နှစ်လစာမရရှိသေးသည့် တိုင်းရင်းသားစာပေသင်ကြားနေသည့် နေ့စားလပေးဆရာ/ဆရာမများ အခက်အခဲဖြစ်နေ

လစာ နှစ်လစာမရရှိသေးသည့် တိုင်းရင်းသားစာပေသင်ကြားနေသည့် နေ့စားလပေးဆရာ/ဆရာမများ အခက်အခဲဖြစ်နေ

ရခိုင်တွင် တာဝန်ထမ်းဆောင်နေသည့် နေ့စားလပေး တိုင်းရင်းသားစာပေသင်ကြားနေသော ဆရာ၊ဆရာမများ (TA|LT) မှာ ဇူလိုင်လနှင့် သြဂုတ်လတို့အတွက် လစာကို ယနေ့အထိမရရှိသေးကြောင်း သိရသည်။

ယခင်နှစ် ၂၀၂၀ ခုနှစ် ပညာသင်ကာလအတွင်း ကိုဗစ်ရောဂါဖြစ်ပွားနေသောအချိန်တွင် ကျောင်းများကိုပိတ်ထားခဲ့သော်လည်း နေ့စားလပေးဆရာ၊ ဆရာမများ လစာပုံမှန်ရရှိခဲ့သော်လည်း ယခုနှစ် ဇူလိုင်လမှစတင်ကာ လစာမရရှိသေးကြောင်း ကျောက်ဖြူမြို့နယ်မှ တိုင်းရင်းသားစာသင်ကြားသည့် ဆရာတစ်ဦးဖြစ်သူ ကိုကျော်မင်းဦးကဆိုသည်။

“ကျွန်တော်တို့ဟာ ဒီကရတဲ့လစာလေးကို အများကြီးမှီခိုနေကြရတာပါ။ အခြားအလုပ်မလုပ်ပဲ ဒီအလုပ်ကို နှစ်နှစ်လောက် အချိန်ပေးပြီးလုပ်ခဲ့ကြတာပါ။ ဒီအချိန်မှ လစာမရဘူးဆိုတော့ ကျွန်တော်တို့ ဘယ်အလုုပ်ကို ဘယ်လိုလုပ်ရမှာလဲ။ နောက်ပြီးကိုဗစ်ကာလဆိုတော့ အရမ်းကျပ်တည်းပါတယ်”ဟု ၄င်းကပြောသည်။

တိုင်းရင်းသားစာပေသင်ကြားနေသည့် ဆရာ၊ ဆရာမများမှာ အစိုးရမှတရားဝင်ခန့်ထားသည့် နေ့စားလပေး ဆရာ၊ ဆရာမများဖြစ်ကြပြီး ကျောင်းဖွင့်သည့်ရက်များ၌ တစ်ရက်လျှင် ငွေကျပ် ၄၅၀၀ မှ ၄၈၀၀ ကြားတွင် ရရှိကြကြောင်း ယင်းဆရာ/ဆရာမများက ပြောသည်။

လက်ရှိ COVID-19 ကာလဖြစ်သည့်အတွက် ငွေကြေးအကျပ်အတည်းများကြောင့် မိမိတို့လစာငွေကိုမျှော်လင့်နေသော်လည်း နှစ်လကျော်ကြာသည်အထိ မရရှိသေးသည့်အတွက် အချို့ဆရာဆရာများအတွက် စားဝတ်နေရေးအခက်အခဲနှင့် ကြုံတွေ့နေရကြောင်း စစ်တွေမြို့မှ တိုင်းရင်းသားစာပေသင်ကြားနေသည့် ဆရာမဒေါ်နွယ်လီကျော်က ပြောသည်။

“အချို့ဆရာဆရာမတွေဆိုရင် နယ်တွေကနေ တာဝန်ကျနေရာတွေကို ကုန်းတတန်၊ ရေတတန်နဲ့ မငြီးမငြူသွားပြီးစာသင်ပေးခဲ့ကြတယ်။ လက်ရှိလစာမရတော့ သူတို့တွေရဲ့စားဝတ်နေရေးအတွက် အများကြီးအခက်အခဲဖြစ်ကြရတယ်။ ကျွန်မဆိုရင် အိမ်မှာရှိတာနဲ့ ခြစ်ကုပ်ပြီးစားနေရတယ်”ဟု ၄င်းကဆိုသည်။

တိုင်းရင်းသားစာပေသင်ကြားနေသည့် နေ့စားလပေး ဆရာ၊ ဆရာမများ၏ လစာငွေများကို ရုံးချုပ်မှချပေးခြင်းမရှိသေးသည့်အတွက် လစာငွေမပေးနိုင်သေးခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းက သြဂုတ်လ ၂ ရက်နေ့က DMG သို့ ပြောကြားထားသည်။

“သူတို့ကို အထက်က ငွေမချပေးသေးတဲ့အတွက် လစာမပေးရသေးတာပါ။ အထက်ကငွေလွှဲပေးရင်တော့ ချက်ချင်းပေးသွားမှာပါ။ နောက်ပြီး သူတို့ဟာ နေ့စားလပေးတွေဖြစ်တယ်။ သူတို့ ကျောင်းပိတ်ထားတဲ့ကာလမှာ သူတို့အလုပ်မဆင်းရတာကြောင့် သူတို့ကို အထက်က လစာမပေးတာလည်းပဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်” ဦးတင်သိန်းကပြောဆိုထားသည်။

ရခိုင်ပြည်နယ်တွင် အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက်နေ့တွင်ဖွင့်လှစ်ခဲ့ပြီး ကိုဗစ်ရောဂါကူးစက်မှုအခြေအနေကြောင့် ဇူလိုင်လ ၉ ရက်နေ့မှစတင်ကာ ကျောင်းများကို ယာယီပိတ်ထားခဲ့ရသည်။

အဆိုပါ အခြေခံပညာသင်ကျောင်းများ (ပုဂ္ဂလိကကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ) ကို စက်တင်ဘာ ၂၄ ရက်အထိ ယာယီဆက်ပိတ်ထားမည်ဖြစ်ကြောင်းလည်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ စက်တင်ဘာလ ၁၀ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

Most read this week

ဓာတ်ပုံ - ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးများကို တွေ့ရစဉ် / DMG - ပုံဟောင်း
August 22, 2026
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ဦးရေ ၅ သိန်းကျော်...
APM (ဩဂုတ်လ ၁၅ ရက်က ဘူးသီးတောင်မြို့နယ်၊ ဂေါင်နီကျေးရွာရှိ သောက်ရေကန်ကို ရခိုင်၊ ဟိန္ဒူ၊ မွတ်ဆလင်များနှင့် ULA/AA တို့ သန့်ရှင်းရေး ပူးပေါင်းပြုလုပ်စဉ်။)
August 21, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် လူမှုသဟဇာတ...
(ဓာတ်ပုံ - Crd)  (ပုံစာ - သရုပ်ပြ ဓာတ်ပုံ။)
August 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် ၉ လအရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား...
ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)
August 19, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ...