အဖမ်းဆီးခံရသည့် KNU လယ်ဒိုစိုးမြို့နယ်ဥက္ကဌ ပြန်လည်လွတ်မြောက်ခြင်းမရှိသေး

အဖမ်းဆီးခံရသည့် KNU လယ်ဒိုစိုးမြို့နယ်ဥက္ကဌ ပြန်လည်လွတ်မြောက်ခြင်းမရှိသေး

နစကလုံခြုံရေးတပ်ဖွဲ့ ဖမ်းဆီးထားသည့် KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင် လယ်ဒိုစိုးမြို့နယ်ဥက္ကဌ ယနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြာင်း စုံစမ်းသိရှိရသည်။

တနင်္သာရီတိုင်း မေတ္တာမြို့မှ ထားဝယ်မြို့သို့ မောင်းနှင်လာသော ပစ်ကပ်ကားတစ်စီးပေါ်၌ လယ်ဒိုစိုးမြို့နယ်ဥက္ကဌ ဖဒိုစောချဲ့နှင့် ၄င်း၏ရုံးဝန်ထမ်းတစ်ဦးတို့ကို စက်တင်ဘာလ ၉ ရက် နေ့လယ် ၁၂ နာရီအချိန်ခန့်က ပကာရီကျေးရွာအဝင်တွင် နစကလုံခြုံရေးတပ်ဖွဲ့ ရပ်တန့်ရှာဖွေစစ်ဆေးခဲ့ရာ တရားမဝင်လက်နက်ရှာဖွေတွေ့ရှိမှုဖြင့် ဖမ်းဆီးခဲ့သည်ဟု တပ်မဟာ ၄ နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ငြိမ်းချမ်းရေးအဖွဲ့တွေ အရင်က သွားနေကျပုံစံ KNU အလံတဖက် နိုင်ငံတော်အလံတဖက် ကားရှေ့မှန်ဘေး ချိတ်ပြီးသွားတာပေါ့၊ ဟိုဘက်က လုံခြုံရေးအဖွဲ့တွေ လမ်းမှာစစ်တာ လက်နက်တွေ့တော့ ဖမ်းလိုက်တာပါ၊ ပြန်မလွတ်လာသေးဘူးလို့ ဆက်ဆံရေးရုံးက ပြောတယ်” ဟု ၄င်းက ဆိုသည်။

လယ်ဒိုစိုးမြို့နယ်ဥက္ကဌနှင့် ၄င်း၏ရုံးဝန်ထမ်းတစ်ဦးတို့ထံမှ ၉ မမ ပစ္စတို (၂) လက်၊ ပွိုင့်ဒဿမ ၂၂ သေနတ်အရှည် ၁ လက်နှင့် ကျည်မျိုးစုံ ၂၀၀ တောင့်တို့အား ရှာဖွေတွေ့ရှိဖြင့် ပကာရီရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ဟု ၄င်းက ဆက်ပြောသည်။

အဆိုပါ ဖမ်းဆီးရမိထားသော လက်နက်နှင့်ကျည်များမှာ ပဒိုစောချဲ့မှ ထားဝယ် PDF ထံသွားရောင်းမည်ဖြစ်ကြောင်း နစကဘက်က စွပ်စွဲထားသည်ဟု သိရသော်လည်း မွန်သတင်းအေဂျင်စီက ပကာရီရဲစခန်းသို့ ဆက်သွယ်အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ယင်းသို့ ဖမ်းဆီးခြင်းမဖြစ်ပေါ်မီ ၂ ရက်ခန့်က တပ်မဟာ ၄ ဧရိယာ၌ KNU, PDF ပူးပေါင်းတပ်ဖွဲ့တို့နှင့် နစကတပ်ဖွဲ့အကြား တစ်ရက်အတွင်း တိုက်ပွဲငယ် ၄  ကြိမ်ဖြစ်ပွားခဲ့ကြောင်း သတင်းများက ဖော်ပြသည်။  

ကရင်အမျိုးသားအစည်းအရုံး KNU သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွင် အင်အားအကြီးမားဆုံးဖြစ်သည်။

 
 

 

 

Most read this week

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...