စစ်တွေတွင် နှာခေါင်းစည်း Mask မတပ်ဘဲ လမ်းသွားလာသူအယောက် ၁ဝဝ ခန့် ကိုဗစ်စစ်ဆေးခံရ

စစ်တွေတွင် နှာခေါင်းစည်း Mask မတပ်ဘဲ လမ်းသွားလာသူအယောက် ၁ဝဝ ခန့် ကိုဗစ်စစ်ဆေးခံရ
သိကြားစေချင်ငွေသဇင်
သိကြားစေချင်ငွေသဇင်

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယမန်နေ့ နံနက်က နှာခေါင်းစည်း Mask မတပ်ဘဲ လမ်းသွားလာနေသူ အယောက် ၁၀၀ ခန့်ကို ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက တားဆီးပြီး ရှောင်တခင် ကိုဗစ်ပိုးစစ်ဆေးခဲ့သည်ဟု သတင်းရရှိသည်။

၎င်းတို့အား စစ်တွေမြို့အဝင် မင်းဂံရပ်ကွက်၊ မုခ်ဦးအနီးရှိ စစ်ဆေးရေးဂိတ်တွင် ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက တားဆီးပြီး RTD Test Kit ဖြင့် ရှောင်တခင်စစ်ဆေးခဲ့သည်ဟု စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်လွင်က နိရဥ္စရာသို့ပြောသည်။

“ဒီနေ့ စက်တင်ဘာ ၁ဝ ရက် မနက်ပိုင်းလောက်က စစ်တာ။ နှာခေါင်းစည်း Mask မတပ်တဲ့ အယောက် ၁ဝဝ ကို တားဆီးပြီးစစ်တာ။ တစ်ခါတည်းစစ်ပြီး တစ်ခါတည်း အဖြေထုတ်ပေးတာပါ။ ကိုဗစ်ကာကွယ်ဖို့အတွက် အထက်လူကြီးအမိန့်အရ ဆောင်ရွက်ရတာပါ” ဟု အုပ်ချုပ်ရေးမှူးက ပြောဆိုသည်။

သို့သော်လည်း စစ်ဆေးသူတစ်ဦးတစ်ယောက်၌ ကိုဗစ်ပိုးတွေ့ရှိခဲ့ခြင်းမရှိကြောင်း သိရှိရသည်။

“အဓိကတော့ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေရှိတဲ့ နေရာတွေကို စစ်တာပါ။ ကူးစက်ပျံ့နှံ့မှုတွေ မရှိအောင် ကြိုတင်တားဆီးတဲ့ရည်ရွယ်ချက်နဲ့ လုပ်တာပါ” ဟု ပြောကြားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်နေ့က စစ်တွေ လေဆိပ်တွင် ရှောင်တခင်စစ်ဆေးခဲ့ရာ ခရီးသည် ၂ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး စက်တင်ဘာ ၇ ရက်နေ့တွင်လည်း ခရီးသည် ၂ ဦး၌ ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။

နယ်စပ်ထွက်ပေါက်မြို့များဖြစ်သော စစ်တွေမြို့နယ်၊ မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့တွင် စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ပြီး ကိုဗစ် Delta မျိုးစိတ်အသစ် ကူးစက်မှုမရှိရအောင် ကြိုတင်ကာကွယ်သည့်အနေဖြင့် ယခုလို ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ရခိုင်တစ်ပြည်လုံးတွင် စက်တင်ဘာ ၉ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၄၅ဝရ ဦး၊ သေဆုံးသူ ၄၁၉ ဦးနှင့် ကုသဆဲ ၃၁၁ ဦးရှိနေပြီဖြစ်ကြောင်း ပြည်နယ်အစိုးရ၏ ထုတ်ပြန်ချက်စာရင်းအရ သိရသည်။

 
 

 

 

Most read this week

August 3, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောရပ်ကွက်အပြင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကိုလည်း...
August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...