ရခိုင်တွင် ကိုဗစ်စည်းကမ်းလိုက်နာမှုမရှိသည့်အတွက် ဖမ်းဆီးအရေးယူခံထားရသူ (၄၀)ဦးခန့် ရှိလာ

ရခိုင်တွင် ကိုဗစ်စည်းကမ်းလိုက်နာမှုမရှိသည့်အတွက် ဖမ်းဆီးအရေးယူခံထားရသူ (၄၀)ဦးခန့် ရှိလာ

ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းအတွင်း ကိုဗစ်စည်းကမ်းလိုက်နာမှု မရှိသည့်အတွက် ဖမ်းဆီးအရေးယူခံထားရသူ (၃၈) ဦးအထိရှိလာပြီး ယင်းအထဲတွင် စစ်တွေမြို့မှ (၃၅) ဦးနှင့် ဂွမြို့နယ်တွင် (၅) ဦးတို့ဖြစ်ကြောင်း DMG မှ ကောက်ယူထားသည့်စာရင်းအရ သိရသည်။

စစ်တွေမြို့ မင်းဂံရပ်ကွက်၊ ကန်တော်ကြီးအကွက် (၄) အနီးတွင်ရှိသည့် (ROYAL) စားသောက်ဆိုင်တွင် လူစုလူဝေးပြုလုပ်နေသည့် အမျိုးသား ၁၉ ဦးနှင့် အမျိုးသမီး ၁၃ ဦးတို့ကို စက်တင်ဘာ ၄ ရက်နေ့က ဖမ်းဆီးခဲ့ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေပုဒ်မ (၂၅/၂၉) တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရခိုင်ပြည်နယ်ကောင်စီမှ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် သြဂုတ် ၁၅ ရက်နေ့ကလည်း စစ်တွေမြို့ ကမ်းနားလမ်း ပွိုင့်ကမ်းခြေတွင် အရက်သောက်သူများနှင့် အရက်ရောင်းချသူ (၈) ဦးတို့ကိုဖမ်းဆီးခဲ့ပြီး အာမခံငွေ ငါးသောင်းကျပ်ဖြင့် ပြန်လွှတ်ပေးခဲ့သည်။

ယင်းနောက် အရက်ရောင်းချသူသုံးဦးမှာ ယစ်မျိုးအက်ဥပဒေပုဒ်မ-၃၇ ဖြင့် စစ်တွေမြို့အမှတ် (၁) ရဲစခန်းတွင် အမှုဖွင့်ခံထားရကြောင်း အမှုဖွင့်ခံရသူများမှ သိရသည်။

“ဖမ်းဆီးအရေးယူတာကိုတော့ အပြစ်ပြောလို့မရဘူး။ ဥပဒေပြဋ္ဌာန်းထားလို့မလိုက်နာရင် ဖမ်းပိုင်ခွင့်ရှိတာကို။ လူတွေကလည်း ဒီလောက်တားမြစ်ထားလို့ အဲဒီလိုမလုပ်ရတဲ့အလုပ်ကို လုပ်ရင်တော့ ဥပဒေအရ ဖမ်းဆီးအရေးယူတာကိုခံရမှာဖြစ်တယ်။ နိုင်ငံတော်ကို အုပ်ချုပ်စီမံပိုင်ခွင့်ရှိတဲ့သူက ချမှတ်ထားတဲ့ အမိန့်အာဏာကို မလိုက်နာရင်တော့ ဖမ်းဆီးပိုင်ခွင့်ရှိမှာပေါ့” ဟု စစ်တွေမြို့ဒေသခံ ဦးမောင်သာစိန်က ပြောသည်။

အလားတူ ဂွမြို့နယ်တွင်လည်း ထုတ်ပြန်ထားသည့် ဒေသန္တရအမိန့်ကို ဖောက်ဖျက်ကျူးလွန်ခြင်းကြောင်း ရဟိုင်းကူးတို့ကျေးရွာမှ ဒေသခံတစ်ဦးနှင့် ဧရာဝတီတိုင်းမှ ဂွမြို့နယ်၊ ဒေါင်းချောင်းကျေးရွာသို့ ရောက်ရှိနေသည့် အမျိုးသား ၂ ဦးတို့ကို သြဂုတ်လ ၂၆ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ-၁၈၈ အရ ထောင်ဒဏ် (၁) လစီ ချမှတ်လိုက်ကြောင်း သိရသည်။

စက်တင်ဘာ ၄ ရက်နေ့တွင်လည်း ဒေသန္တရအမိန့် ဖောက်ဖျက်ကျူးလွန်မှုဖြင့် ဧရာဝတီတိုင်းမှ ဂွမြို့နယ်ကိုရောက်ရှိနေသူတစ်ဦး၊ ဂွမြို့နယ် ချင်းတွင်းကျေးရွာမှ တစ်ဦးတို့ကို အလုပ်မဲ့ထောင်ဒဏ်တစ်လ ချမှတ်ခဲ့သည်။

ကိုဗစ်ရောဂါ ထိန်းချုပ်နိုင်ရန်အတွက် အရေးယူခြင်းများကို အစိုးရအနေဖြင့် လုပ်ဆောင်ရမည်ဖြစ်သော်လည်း မည်သည့်ပုံစံမျိုးဖြင့် အရေးယူမည်ကို ပြည်သူများသိအောင် အသိပညာပေးရန်လိုအပ်ကြောင်း ရခိုင်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (AHCT) ၏ အတွင်းရေးမှူး အဖွဲ့ဝင် ဦးခိိုင်ကောင်းစံက ပြောသည်။

“ကိုဗစ်နဲ့ဆိုရင်လည်း ဂွမြို့နယ်လေးမှာ ကိုဗစ်ကတော်တော်လေးအဖြစ်များနေတယ်။ ဆိုတော့ အစိုးရထုတ်ပြန်တဲ့အမိန့်ကို လိုက်နာဖို့လိုတယ်။ မလိုက်နာရင်တော့ ဘယ်လိုအရေးယူမလဲဆိုတာ ပြည်သူသိအောင် အသိပညာပေးဖို့လိုတယ်။ နောက်တစ်ခုက ကြီးတဲ့အမှုငယ်စေ၊ ငယ်တဲ့အမှုပပျောက်စေဆိုသလိုပေ့ါ ပထမဆုံးအကြိမ်ဆိုရင် ထောင်ချတယ်ဆိုတာထက် ပထမအဆင့်မှာ ခံဝန်လက်မှတ်ထိုးခိုင်းပြီး ဒဏ်ငွေရိုက်တာမျိုးတွေကို ဆင့်ကဲအသိပေးတဲ့ပုံစံမျိုးနဲ့ သွားဖို့လိုတယ်” ဟု ၎င်းကပြောသည်။

ဂွမြို့နယ်အတွင်း ကိုဗစ်ကာကွယ်ထိန်းချုပ် တားဆီးနိုင်ရန်အတွက် နံနက် ၅ နာရီမှ နေလည် ၁၂ နာရီအထိသာ စျေးရောင်းစျေးဝယ်ခွင့်ပြုထားပြီး ယင်းနောက်ပိုင်းအချိန်များတွင် တာဝန်၊ ကျန်းမာရေးကိစ္စ၊ နာရေးကိစ္စများမှအပ ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာခြင်း လုံးဝ (လုံးဝ) မလုပ်ရကြောင်း ဒေသန္တရအမိန့်တစ်ရပ်ကို သြဂုတ်လ ၂၅ ရက်နေ့က ထုတ်ပြန်ထားခြင်းဖြစ်သည်။

ဂွမြို့နယ်တွင် လက်ရှိထုတ်ပြန်ထားသည့် ဒေသန္တရအမိန့်မှာ ရှည်ကြာလာပါက အခက်အခဲဖြစ်လာမည်ကိုလည်း ဒေသခံများ စိုးရိမ်မှုရှိနေကြသည်။

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်နှံ့မှုအခြေအနေကို သိရှိနိုင်ရန်အတွက် ကိုဗစ်ရောဂါပိုးရှိ/မရှိကို ကျပန်းအနေဖြင့် ရှောင်တခင်စစ်ဆေးမှုများကို စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တို့တွင် ဆောင်ရွက်လျက်ရှိနေသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းအတွင်း သေဆုံးသူ (၄၁၄) ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၄၄၀၀) ဦးအထိရှိလာကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စက်တင်ဘာလ ၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

 
 

 

 

နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...
April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...