လက်ရှိဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံရေးရည်မှန်းချက်များ (၇) ရပ်ကို အပစ်ရပ် (၁၀) ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ချမှတ်နိုင်ခဲ့သည်ဟု ဗိုလ်မှူးကြီးစိုင်းငင်းက ဆိုသည်။
တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် PPST ၏ ယနေ့ကျင်းပသော အစည်းအဝေးတွင် အလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းကိုယ်စား အဖွဲ့ဝင် ဗိုလ်မှူးကြီးစိုင်းငင်းက နိဂုံးချုပ်မိန်းခွန်းတွင် အထက်ပါအတိုင်း ပြောခဲ့သည်။
ဗိုလ်မှူးကြီးစိုင်းငင်း “မိမိတို့ PPST အနေနဲ့ NCA အနှစ်သာရဖြစ်တဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရေး၊ သက်ဆိုင်သူအားဆုံးပါဝင်ပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်မြောက်ရေး, အရပ်သားများအား အကာအကွယ်ပေးရေးတို့ကို အခြေခံလို့ လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံရေးရည်မှန်းချက်များ (၇) ရပ်ကို ချမှတ်နိုင်ခဲ့ပါတယ်” ဟု ပြောသည်။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံရေးခေါင်းဆောင်များ အပါအဝင်ပုဂ္ဂိုလ်များအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေး၍ နိုင်ငံရေးမတူညီမှုများအား အမြန်ဆုံး ဆွေးနွေးအဖြေရှာသွားရန်၊ အနာဂတ် နိုင်ငံရေးဆွေးနွေးပွဲများတွင် သက်ဆိုင်သူ အားလုံးပါဝင်ပြီး နိုင်ငံတကာ၏ ကူညီပံ့ပိုးမှုနှင့်အတူ နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရန် တိုက်တွန်းခဲ့သည်။
တိုင်းပြည်၏အာဏာကို အရပ်သားကိုယ်စားလှယ်များအုပ်ချုပ်မှုနှင့် ဒီမိုကရေစီမူဘောင်အတွင်း ဆောလျင်စွာ ပြန်လွှဲပြောင်းရေးကို ဝိုင်းဝန်းအဖြေရှာကြရန်လည်း ဗိုလ်မှူးကြီးစိုင်းငင်းက တိုက်တွန်းထားသည်။
နိုင်ငံတကာအသိုင်းအဝိုင်းတွင် ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ရေးအတွက် တိုင်းပြည်၏ အခြေခံအဆောက်အအုံ (Institutions) များကို ပြုပြင်ပြောင်းလဲမှုများ (Reforms) ပြုလုပ်သွားရန် ပါရှိသည်။
ထို့အပြင် တိုင်းပြည် ရေရှည်တည်တံ့ရေး၊ တည်ငြိမ်ရေး၊ သာယာဝပြောရေးတို့ကို ရှေ့ရှုပြီး လူထုကို ကာကွယ်မှုပေးသော လုံခြုံရေးစနစ် တည်ဆောက်သွားရန်၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးရန်၊ ပြည်သူလူထုများ၏ ဆုံးရှုံးနစ်နာမှုများအတွက် ဘဝပြန်လည်ထူထောင်ရေးနှင့် ပြန်လည်ကုစားရေးများ ဆောင်ရွက်သွားရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရေရှည်တည်ငြိမ်ငြိမ်းချမ်း သာယာဝပြောဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်သွားရန် စသည့် အချက်များပါဝင်သည်။
ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၇ ရက်တွင် ထုတ်ပြန်သည့် အရေးပေါ်အခြေအနေ ကြေညာခြင်းသည် နိုင်ငံရေးတောင်းဆိုချက်အရ နိုင်ငံရေးကြိုးပမ်းမှုတစ်ရပ်ဖြစ်ကြောင်း အပစ်ရပ် (၁၀) ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အနေဖြင့် ရှုမြင်ကြောင်း အဖွဲ့ဝင် ဗိုလ်မှူးကြီးစိုင်းငင်းက ဆိုသည်။
ဗိုလ်မှူးကြီးစိုင်းငင်း “အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်တဲ့ အရေးပေါ် ကြေညာခြင်းနဲ့ပတ်သက်လို့ ပြောရမယ်ဆိုရင် ထူးခြားတဲ့အခြေအနေမှာ နိုင်ငံရေးတောင်းဆိုချက်အရ NUG ရဲ့ နိုင်ငံရေးကြိုးပမ်းမှု တစ်ရပ်ဖြစ်ကြောင်းကို မိမိတို့ PPST အနေနဲ့ ရှုမြင်ကြောင်း အသိပေးပြောကြားလိုပါတယ်” ဟု ပြောသည်။
၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တပ်ဦး (ABSDF)၊ ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ (ALP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ အဖွဲ့ဝင် (၁၀) ဖွဲ့ဖြင့် PPST ကို ဖွဲ့စည်းထားသည်။







