စစ်ရေးနှင့် ကိုဗစ်ကြောင့် ရခိုင်ဒေသထွက် သစ်သီးဝလံများ ဒေသတွင်းစျေးကွက်သို့ တင်ပို့နိုင်မှု လျော့နည်းလာ

စစ်ရေးနှင့် ကိုဗစ်ကြောင့် ရခိုင်ဒေသထွက် သစ်သီးဝလံများ ဒေသတွင်းစျေးကွက်သို့ တင်ပို့နိုင်မှု လျော့နည်းလာ

ရခိုင်ပြည်နယ်အတွင်း စစ်ရေးနှင့် ကိုဗစ်ကပ်ဘေးတို့ကြောင့် သီးနှံစိုက်ပျိုးမှုများလျော့နည်းလာသည့်အတွက် ဒေသတွင်းစျေးကွက်သို့ တင်ပို့နိုင်မှုအားနည်းနေကြောင်း သိရသည်။

ယင်းသို့တင်ပို့မှုအားနည်းနေသည့်အတွက် သစ်သီးဝလံများကို ပြည်မဘက်မှ အဓိကဝယ်ယူရောင်းချနေရ၍ စျေးနှုန်းပိုမြှင့်ကာ ရောင်းချနေရကြောင်း စစ်တွေမြို့ မကျည်းမြိုင်စျေးမှ သစ်သီးဆိုင်ရောင်းသူ မခိုင်သူဇာက ပြောသည်။

"ကိုယ့်ရခိုင်မှာ သရက်သီးပေါ်ချိန်တုန်းက သရက်သီးတစ်လုံးကို ၁၅၀၊ ၂၀၀ နဲ့ရောင်းလို့ရတယ်။ အခုက မန္တလေးဘက်ကလာတဲ့အသီးတွေဆိုတော့ နိုင်ငံရေးအခြေနေတွေကြောင့်ရော၊ လမ်းပန်းဆက်သွယ်ရေးကြောင့်ရော ဝယ်ရတာစျေးကြီးတယ်။ သရက်သီးတစ်လုံးကို အမတို့ ၆၀၀၊ ၇၀၀၊ ၅၀၀ ကတော့အနည်းဆုံးရောင်းနေရတယ်။" ဟု ပြောသည်။

ဒေသတွင်း စိုက်ပျိုးထုတ်လုပ်မှုအဆင်မပြေတော့သည့်အတွက် နှစ်ရှည်ပင်များအိုဟောင်းလာသည့်အခါ အပင်သစ်စိုက်ပျိုးခြင်းများကိုလည်း မလုပ်နိုင်တော့ကြောင်း စိုက်ခင်းပိုင်ရှင်များက ပြောကြသည်။

မြောက်ဦးမြို့နယ်၊ ဗြုတ်ချောင်းကျေးရွာမှ ဥယျာဉ်စိုက်ခင်းလုပ်သူ ဒေါ်မလှမြင့်က "ဥယျာဉ်ခင်းလုပ်လို့က သိပ်အဆင်ပြေတာမဟုတ်ဘူးလေ။ တောရှင်းခပေးရတာနဲ့ဘာနဲ့ အခြေနေမကောင်းဘူး။ တချို့ဆိုရင် နှစ်ရှည်ပင်တွေဆိုအိုဟောင်းလာပေမဲ့ အပင်သစ်ချတာတွေမလုပ်ကြတော့ဘူး။" ဟု ပြောသည်။

လက်ရှိတွင် ရခိုင်ဒေသအတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိတော့သော်လည်း ကိုဗစ်ကပ်ဘေးကြောင့် အကန့်အသတ်ဖြင့်သာသွားလာလှုပ်ရှားနေရသည့်အတွက် စိုက်ပျိုးထုတ်လုပ်မှုအားနည်းနေသေးသည်ဟု ဆိုကြသည်။

ယင်းကဲ့သို့ ဒေသတွင်း စိုက်ပျိုးထုတ်လုပ်မှုနည်းပါးလာနေသည့်အတွက် အခြေခံစားသောက်ကုန်များဖြစ်သည့် ငရုတ်၊ ကြက်သွန်အပါအဝင် ခရမ်းသီး၊ ပဲသီးနှင့် ကွမ်းစသည့် ကုန်စိမ်း၊ ကုန်ခြောက်များကို ပြည်မဘက်မှ အဓိက မှာယူရောင်းချနေကြရ၍ ပုံမှန်ထက် ကုန်စျေးနှုန်းမြင့်မားမှုနှင့် ငွေကြေးပိုမိုကုန်ကျမှုများကို စားသုံးသူများ ရင်ဆိုင်နေရသည်။

 
 

 

 

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...