စက်တင်ဘာ ၇ ရက်နေ့ ည (၇) နာရီဝန်းကျင် ဒီးမော့ဆိုမြို့မှာ စစ်ပြေးရှောင်ရင်း ယာဉ်မတော်တဆမှုဖြစ်ပြီး အသက် (၈) နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးသွားခဲ့ရတယ်လို့ သိရပါတယ်။
ဒီးမော့ဆိုမြို့နယ်၊ ဒေါ်ပေါ်ကူးကျေးရွာအဝင်လမ်းခွဲမှာ ကားနဲ့ ဆိုင်ကယ်ချိတ်မိပြီး ဆိုင်ကယ်ပေါ်ပါလာတဲ့ ကလေးငယ်နှစ်ဦးထဲမှ တစ်ဦးသေဆုံးသွားခဲ့တာဖြစ်ပါတယ်။ ဒဏ်ရာအပြင်းအထန်ရတဲ့သူ နှစ်ဦးရှိပြီး ဆေးရုံ၊ ဆေးခန်းသွားဖို့ အခက်အခဲဖြစ်နေတယ်လို့ KNDF ပြောဆိုခွင့်ရှိသူတစ်ဦးက ဆိုပါတယ်။
”accident ဖြစ်တာ ကားနဲ့ဆိုင်ကယ်နဲ့ တစ်ယောက်ကသေသွားပြီ ဒီမနက်ပဲ သင်္ဂြိုလ်လိုက်ပြီ။ နောက်ထပ်နှစ်ယောက်က အပြင်းအထန်ဒဏ်ရာရနေတယ်။ ဆေးရုံကိုသွားဖို့ ဆေးခန်းကိုသွားဖို့ တော်တော့်ကို အဆင်မပြေတဲ့အနေအထားမျိုး။“
သေဆုံးသွားတဲ့ ကလေးမှာ ဒေါငံခါး (၂) ရပ်ကွက်တွင် နေထိုင်တယ်လို့ သိရပါတယ်။ တိုက်ပွဲတွေကြောင့် ဒီးမော့ဆိုမြို့က ပြည်သူတွေ တဖန် စစ်ရှောင်နေကြရပါတယ်။
ကရင်နီပြည်နယ်အတွင်းမှာ တိုက်ပွဲကြောင့် သေဆုံးသူ ၈၄ ဦးရှိသွားပြီလို့ သိရပါတယ်။







