ကိုဗစ်ကြောင့် ထိခိုက်မှုများခဲ့သည့် ကျော့ပိုက်လုပ်ငန်းရှင်များ လာမည့်ကျော့ပိုက်ရာသီတွင် လုပ်ငန်းစတင်နိုင်ရန် မျှော်လင့်

ကိုဗစ်ကြောင့် ထိခိုက်မှုများခဲ့သည့် ကျော့ပိုက်လုပ်ငန်းရှင်များ လာမည့်ကျော့ပိုက်ရာသီတွင် လုပ်ငန်းစတင်နိုင်ရန် မျှော်လင့်

ကိုဗစ်ရောဂါ ဒုတိယလှိုင်းနှင့် တတိယလှိုင်းနှစ်ခုလုံးတွင် လုပ်ငန်းရပ်နားထားရသည်အထိ ထိခိုက်မှုများခဲ့သော ရခိုင်ပြည်နယ်အတွင်းမှ ကျော့ပိုက်လုပ်ငန်းများအနေဖြင့် စက်တင်ဘာလကုန်တွင်စတင်မည့် ကျော့ပိုက်လုပ်ငန်းရာသီတွင် လုပ်ငန်းစတင်နိုင်ရန်မျှော်လင့်နေကြသည်။

ကျော့ပိုက်တစ်ဖောင်တွင် လုပ်သားဦးရေ ၃၀ အထိစုဝေးလုပ်ကိုင်ကြရပြီး ကိုဗစ်ကူးစက်မှုအခြေအနေအရ လူစုလူဝေးမလုပ်ရန်တားမြစ်ထုတ်ပြန်ချက်များကြောင့် ကျော့ပိုက်လုပ်ငန်းများအခက်အခဲ့ဖြစ်ခဲ့ကြရကြောင်း သိရသည်။

ထို့အပြင် ကိုဗစ်ကာလတွင် ငါး၊ ပုစွန်စျေးကောင်းမရသဖြင့်လည်း ကျော့ပိုက်လုပ်ငန်းများ အရှုံးနှင့် ရင်ဆိုင်ခဲ့ရကာ လုပ်ငန်းအချို့ရပ်နားရသည်အထိဖြစ်ခဲ့ကြရကြောင်း ကျော့ပိုက်လုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။

လေးတောင်မြို့မှ ကျော့ပိုက်လုပ်ငန်းရှင် ဦးကျော်အေးက “အခုလူစုလူဝေးမလုပ်ရလို့ အစိုးရက ထုတ်ပြန်ထားတော့ ကျနော်တို့လုပ်ငန်းအတွက်က တော်တော်အခက်တွေ့နေရတယ်။ ကျနော်တို့ ရေလုပ်သားတွေက ၂ နှစ်ကျော်လောက် အရှုံးဘဲပေါ်နေခဲ့တယ်။ အခုလဲ မလုပ်ရသလိုဖြစ်နေတော့ အဆင်မပြေဘူး” ဟု ပြောသည်။

ယခင်နှစ်များက ငါးစျေးကွက်ပျက်၍ ကျော့ပိုက်လုပ်ငန်းရှင်များ အရှုံးနှင့်ရင်ဆိုင်ခဲ့ရကာ လာမည့်ကျော့ပိုက် ရာသီတွင် လုပ်ငန်းမစတင်နိုင်ပါက ပို၍အခက်အခဲဖြစ်လာနိုင်သည်ဟု လေးတောင်မြို့ ကျော့ပိုက်လုပ်ငန်း လုပ်ကိုင်နေသူ ဦးနွယ်မင်းကျော်က ဆိုသည်။

“၂၀၂၀ ခုနှစ် စက်တင်ဘာလကမထွက်နိုင်လို့ တစ်လဝင်ငွေရှုံးသွားသလို ငါးစျေးတွေကျလို့အရှုံးပေါ်ကြတယ်။ အခုနှစ်အတွင်းမှာလဲ အဲဒီလိုမဖြစ်ဖို့ ကျနော်တို့ကနေ့စဉ်ဆုတောင်းနေရတယ်” ဟု ၎င်းကပြောသည်။

ကျော့ပိုက်တစ်ဖောင်၏အသုံးစရိတ်မှာ ငွေကျပ်သိန်းတစ်ရာကျော်အထိကုန်ကျမှုရှိပြီး လက်ရှိဆီစျေးအပြင် ကျော့ပိုက်လုပ်ငန်းသုံးပစ္စည်းများမှာလည်း စျေးမြင့်နေသည့်အတွက် ရရှိလာမည့်ငါးများ စျေးနိမ့်နေပါက အရှုံးနှင့်ထပ်မံကြုံရမည်ကို ကျော့ပိုက်လုပ်ငန်းရှင်များက စိုးရိမ်နေကြသည်။

ရခိုင်ပြည်နယ်အတွင်းက သံတွဲမြို့နယ်တွင်လည်း ကျော့ပိုက်လုပ်ငန်းကိုအဓိကထားလုပ်ကိုင်ကြပြီး မာန်အောင်၊ လေးတောင်နှင့် သံတွဲမြို့နယ်စုစုပေါင်း ငါးဖမ်းလှေအစီးရေ ၃၅၀ ကျော်ရှိကြောင်း သိရသည်။

 
 

 

 

Most read this week

ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)
August 26, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဝက်များ ဝမ်းကျရောဂါ အဖြစ်များနေပြီး သေဆုံးသည်အထိ ဖြစ်ပွား...
ဓာတ်ပုံ - DMG (ပုံစာ - ဩဂုတ်လ ၁၁ ရက်နေ့က ကျောက်တော်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရ မိထားသည့် လူငယ်များကို ပြန်လည်လွှတ်ပေးစဉ်)
August 25, 2026
ရခိုင်ပြည် နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ULA...
ဓာတ်ပုံ - CINCDS/ စစ်အုပ်စုတပ်၏ ရေပြင်စစ်ရေးလေ့ကျင့်မှု တစ်ခု
August 25, 2026
ရခိုင်ပြည်မြောက်ပိုင်း၌ ကျန်ရှိနေသေးသည့် စစ်တွေမြို့ကို ကာကွယ်ရန်အတွက် စစ်အုပ်စုတပ်က စစ်အင်အား ၁...
ဓာတ်ပုံ - (ပေးပို့ / စစ်အုပ်စုတပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရသည့် ဦးကျော်သန်းလွင်)
August 24, 2026
မလေးရှားနိုင်ငံမှ ရခိုင်ပြည်သို့ ပြန်လာသည့် အမျိုးသားနှစ်ဦးကို စစ်ကိုင်းတိုင်း၊...