ကယား (ကရင်နီ) ပြည်နယ်မှာ တိုက်ပွဲပေါင်း ၆၀ ဖြစ်ပွားခဲ့

ကယား (ကရင်နီ) ပြည်နယ်မှာ တိုက်ပွဲပေါင်း ၆၀ ဖြစ်ပွားခဲ့

ကယား (ကရင်နီ) ပြည်နယ်မှာ အာဏာသိမ်းတဲ့ကာလအတွင်းမှာ ပြည်နယ်တွင်းက ကရင်နီအမျိုးသားကာကွယ်ရေးတပ်၊ ကရင်နီတပ်မတော်တို့နဲ့ တိုက်ပွဲပေါင်း ၆၀ ဖြစ်ပွားခဲ့တယ်လို့ PKPF (သတင်းနှင့် ပြန်ကြားရေးဗျူရို) လူမှုကွန်ယက်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အကြောင်းရင်းအများစုကတော့ စစ်ကောင်စီကို ချုံခိုတိုက်ခိုက်ခဲ့တာတွေများတယ်လို့ ကရင်နီအမျိုးသားကာကွယ်တပ် KNDF မှ ပြောဆိုခွင့်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို အခုလိုပြောပါတယ်။

”အဓိက, က အရင်တလောတုန်းက ဒီးမောဆိုမှာ ဖြစ်တဲ့ဟာတွေတော့ အပြန်အလှန် ချုံခိုတိုက်မှုဖြစ်တဲ့ ရင်ဆိုင်တိုက်ပွဲတွေပါ အဲ့တာတွေကတော့။ နောက်ပိုင်း တိုက်ပွဲတွေကတော့ ကျနောတို့ ချုံခိုတိုက်ခိုက်တဲ့ တိုက်ပွဲတွေ ပိုများလာတာပေါ့လေ။ တချို့ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလို့ ကျနောတို့ တိုက်ပွဲလုပ်လိုက်ရတဲ့ဟာတွေတော့ နည်းနည်းပါးပါးတော့ ရှိပါတယ်ဗျာ။“

တိုက်ပွဲကြောင့် ဒေသခံပြည်သူ တစ်သိန်းကျော်လောက်က စစ်ဘေးရှောင်နေရဆဲဖြစ်ပါတယ်။ အကြမ်းဖက် စစ်ကောင်စီဖက်ကနေလည်း အခုရက်ပိုင်းတွေမှာ အင်အားဖြည့်တင်းတာတွေရှိနေပြီး လွိုင်လင်ဖက်မှာ လူဦးရေ ၃၀၀၊ ဖယ်ခုံဖက်မှာ လူဦးရေ ၂၀၀ ဝန်းကျင်လောက်နဲ့ ဒီကနေ့ ဒီးမော့ဆို အနောက်ဘက်မှာလည်း အင်အားဖြည့်တင်းနေတာတွေ ရှိနေတယ်လို့ KNDF က ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီဖက်က အင်အားတွေ ဖြည့်တင်းလျက်ရှိနေတဲ့အပေါ် တိုက်ပွဲတွေ ထပ်မံဖြစ်လာနိုင်ကြောင်း KNDF က ပြောပါတယ်။

”စစ်ရေးအခြေအနေကတော့ တင်းမာတယ်။ ဒီအနေအထားကတော့ တစ်နေရာမဟုတ် တစ်နေရာကတော့ တိုက်ပွဲတွေဖြစ်မယ့်ရာခိုင်နှုန်း ပိုပြီးတော့ သေချာပါတယ်။ ဒီအနေအထားကတော့။ စစ်ကောင်စီရဲ့ လှုပ်ရှားမှုက ပိုပြီးတော့ စိပ်လာတယ်။ လူတွေကလည်း ပိုပြီးတော့ဖြည့်ထားတဲ့အတွက် ရင်ဆိုင်တိုက်ပွဲတွေတော့ ဖြစ်မှာပါပဲ အနှေးနဲ့အမြန်ပေါ့လေ။ “

တိုက်ပွဲ ၆၀ မှာ လွိုင်လင်လေး (၈) ကြိမ်၊ လွိုင်ကော် (၁၃) ကြိမ်၊ ဒီးမော့ဆို (၁၆) ကြိမ်၊ ဖရူဆို (၉) ကြိမ်၊ ဘောလခဲ (၅) ကြိမ်၊ မိုးဗြဲ (၅) ကြိမ်၊ ဖယ်ခုံ (၄) ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲကြောင့် နေအိမ် (၂၄၃) လုံးနဲ့ ကက်သလစ်ဘုရားကျောင်း (၅) ကျောင်း ပျက်စီးခဲ့ပါတယ်။ အဖမ်းဆီးခံရသူ ၁၂၄ ဦးရှိပြီးတော့ သေဆုံးသူ ၈၃ ဦးရှိပါတယ်။

Photo: ရှေ့တန်းတွင် မြင်တွေနေရသည့် KNDF တပ်ဖွဲ့ (ဓါတ်ပုံ – KNDF)

 
 

 

 

May 7, 2026
ဧပြီလအကုန် မေလအစမှာ ဓာတ်ဆီဈေးတွေ အနည်းငယ် ပြန်လည်ကျလာတာကြာင့် ကရင်နီပြည်၊...
May 5, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ဘေးရှောင်တချို့ဟာ ဆေးဝါးမလုံလောက်မှု၊...
May 4, 2026
ထိုင်း-ကရင်နီနယ်စပ်က ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)မှာ ဧပြီလ ဒုတိယပတ်ကစပြီး ဝက်နာမကျန်းမှု...
May 2, 2026
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် ဧပြီလအတွင်း ပြည်သူ ၅ ဦးသေဆုံးခဲ့တယ်လို့...