မြေပုံမြို့နယ်၊ ကျွန်းသာယာရွာမှ ငါးဖမ်းစက်လှေများကို ၇ ရက်ခန့် ငါးဖမ်းမထွက်ရန် စစ်တပ်က တားမြစ်ထားဟုဆို

မြေပုံမြို့နယ်၊ ကျွန်းသာယာရွာမှ ငါးဖမ်းစက်လှေများကို ၇ ရက်ခန့် ငါးဖမ်းမထွက်ရန် စစ်တပ်က တားမြစ်ထားဟုဆို

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကျွန်းသာယာကျေးရွာမှ ငါးဖမ်းစက်လှေများကို (၇) ရက်ခန့် ပင်လယ်သို့ ငါးဖမ်းမထွက်ရန် စစ်တပ်က ဩဂုတ် ၃၁ ရက်နေ့က လာရောက်တားမြစ်ထားကြောင်း သတင်းရရှိသည်။

ကျွန်းသာယာကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှဖော်သူက “စက်လှေတွေ မထွက်ရဘူး ဆိုပြီး နုတ်နဲ့ စစ်တပ်က လာပြောတာပါ။ စာထုတ်တာမျိုးတော့ မဟုတ်ဘူး။ မနေ့က တပ်ရင်း အမှတ် (၂၇ဝ) က ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးက လာပြောတာပါ။ စက်တင်ဘာ ၁ ရက်ကနေ စက်တင်ဘာ ၇ ရက်နေ့အထိ ငါးဖမ်းစက်လှေတွေ ပင်လယ်ပြင်မထွက်ရဆိုပြီး လာရောက်အမိန့်ပေးသွားပါတယ်” ဟု နိရဉ္စရာသတင်းဌာကို ပြောသည်။

ထိုသို့တားမြစ်ရာတွင် အနီးအနားရှိ င/ပသုန် နှင့် ပြင်ဝန်းတို့မပါဝင်ဘဲ ကျွန်းသာယာတစ်ခုတည်းကို တားမြစ်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“င/ပသုန်နှင့် ပြင်ဝန်းတို့ကျတော့ မတားဘဲ ဒီကျွန်းသာယာတစ်ခုတည်းကို ဘာဖြစ်လို့တားတာလဲဗိုလ်ကြီးလို့မေးတော့ အဲဒီရွာတွေမပါဘူး အုပ်ချုပ်ရေးမှူးတဲ့။ ကျွန်းသာယာတစ်ခုဘဲပါတယ်။ အထက်လူကြီးညွှန်ကြားချက်နဲ့ ကျွန်တော်လုပ်တာပါလို့ ဖြေသွားတယ်” ဟု ပြောသည်။

မည်သည့်အတွက်ကြောင့် ယခုလိုတားမြစ်သည်ကိုလည်း သေချာရှင်းပြမသွားဟု အုပ်ချုပ်ရေးမှူးက ဆက်လက်ပြောဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကျွန်းသာယာနယ်မြေခံတပ်ရင်းသို့ ဆက်သွယ်ရာ စခန်းတာဝန်ကျတစ်ဦးက အဆိုပါကိစ္စမှာ ဟုတ်မှန်ကြောင်းပြောဆိုပြီး အသေးစိတ် တာဝန်ရှိသူအား မေးမြန်းပါဟု ပြောဆိုသည်။

စခန်းတာဝန်ရှိသူအား ဆက်လက်ဆက်သွယ်ရာ ၄င်းတို့အနေဖြင့် အဆိုပါ အမိန့်ထုတ်ထားသည်ကို သိရှိခြင်းမရှိကြောင်း ပြောဆိုသည်။

မြေပုံမြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်လှမောင်သို့ ဆက်သွယ်ရာတွင်လည်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ၎င်းအမိန့်ထုတ်ထားခြင်းမရှိကြောင်း၊ မြို့နယ်မှ တရားဝင်ထုတ်ပြန်ထားခြင်းမရှိကြောင်း ပြောသည်။

၄င်းကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအား နိရဥ္စရာမှ အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဖုန်းမကိုင်ခဲ့ပါ။

အဆိုပါ ကျွန်းသာယာကျေးရွာတွင် ငါးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး ငါးဖမ်းစက်လှေ (၂ဝဝ) ကျော်ရှိကြောင်း၊ ၄င်းကျေးရွာအနီး ဘင်္ဂလား ပင်လယ်ပြင်ကိုအမှီပြု၍ ငါးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ်နေသည့် ပြင်ဝန်းနှင့် င/ ပသုန် ကျေးရွာတို့ရှိပြီး ကျွန်းသာယာကျေးရွာ တစ်ခုတည်းကိုသာ ငါးဖမ်းစက်လှေများ ထွက်ခွင့်မပေးသည့်အတွက် စိတ်မကောင်းဖြစ်မိကြောင်း အုပ်ချုပ်ရေးမှူးက ဆက်ပြောသည်။

လွန်ခဲ့သည့်သြဂုတ်လ ၂၁ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေခရိုင်ဖြစ်သည့် စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်တို့ကို ဓညဝတီရေတပ်စခန်းလက်အောက်တွင်ရှိသည့် အမှတ် (၃) စစ်ရေယာဉ်ကနေ ပင်လယ်ပြင်လေ့ကျင့်ခန်းပစ်ခတ်မှု ပြုလုပ်မည်ဖြစ်သဖြင့် သြဂုတ်လ ၂၃ ရက်နေ့အထိ ငါးဖမ်းစက်လှေများမထွက်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။

 
 

 

 

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...