သျှမ်းမြောက် သီပေါမြို့နယ် နမ့်လန်ဒေသ ဝမ်စိမ်းကျေးရွာအုပ်စုတွင် ဖြစ်ပွားခဲ့သည့် သျှမ်းတပ် (၂) တပ် တိုက်ပွဲအတွင်း ရွာသား (၃) ဦး ဖမ်းဆီးခံရပြီး (၁) ဦးသေဆုံးဟု သတင်းထွက်နေကြောင်း စုံစမ်းသိရသည်။
သြဂုတ်လ (၂၃) ရက်နေ့က သီပေါမြို့နယ် နမ့်လန်ဒေသ ဝမ်စိမ်းကျေးရွာအုပ်စုအတွင်း သျှမ်းတပ် (၂) တပ် တိုက်ပွဲဖြစ်ပွားမှုတွင် ဒေသခံများဖြစ်သည့် လုံးပန်မွန်း၊ လုံးခမ်းနှင့် စိုင်းကျောက်တို့ကို SSPP/SSA က ဖမ်းသွားကြောင်း ဒေသခံများထံမှ သိရသည်။
“သူတို့ကို SSPP/SSA တပ်တွေ ဖမ်းသွားတာပါ။ တစ်ဖက်တပ်ကို သတင်းပေးတဲ့သူဆိုပြီး ဖမ်းသွားတာ၊ လုံးပန်မွန်းကို သူတို့တပ်စခန်းချတဲ့ ဆေးရုံမှာခေါ်သွားပြီး မိုးရေထဲ ကြိုတုပ်ပြီး ထားထားတယ်၊ ကျန်တဲ့သူတွေကို ဘယ်မှာခေါ်သွားလဲ သေခြာမသိဘူး” ဟု စစ်ရှောင်ထွက်ပြေးလာသည့် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
သြဂုတ်လ (၂၃) ရက်နေ့က လုင်းပန်မွန်းနှင့် လုံးခမ်းတို့ ဖမ်းခံရတာဖြစ်ကြောင်း၊ ထို့အပြင် သြဂုတ်လ (၂၇) ရက်နေ့တွင် ကောင်းဟတ်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းဆရာဖြစ်သူ အသက် (၂၀) ဝန်းကျင်ရှိ စိုင်းကျောက်ကိုလည်း SSPP/SSA မှ ထပ်မံဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။
ဖမ်းဆည်းခံရသည့် ဒေသခံ (၃) ဦးထဲတွင် လုံးပန်မွန်းဆိုသူ သေဆုံးသွားပြီဟုကြားမိကြောင်း ဒေသခံတစ်ဦးက ယခုလိုပြောသည်။
“ခဲအန်ရွာထဲမှာ ဒေသခံတစ်ဦးက လုံးပန်မွန်း အသက်ပေးလှူလိုက်ရပြီဆိုပြီး သျှမ်းစာ၊ အင်္ဂလိပ်စာနဲ့ရေးထားတဲ့ စာရွက်ကို တွေ့ခဲ့တယ်၊ နောက်ပြီး သူ့ရဲ့မိသားစုဝင်နဲ့လည်း အဆက်အသွယ်မရတော့ဘူး၊ တကယ်သေဆုံးလားဆိုတာတော့ အတိအကျမသိရဘူး” ဟု အဆိုပါ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ထို့အပြင် အဖမ်းခံရသူများသည် SSPP/SSA တပ်သားလုပ်မှသာ အသက်ရှင်ခွင့်ရမည်ဖြစ်ကြောင်း အဖမ်းခံရသည့် ဒေသခံနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“လုံးပန်မွန်းလို အဖြစ်ခံမလား ဒါမှမဟုတ် တပ်ထဲဝင်မလားဆိုပြီး ဒီနှစ်ခုထဲက တစ်ခုကိုရွေးခိုင်းတယ်လို့ ကြားတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
သီပေါမြို့နယ် နမ့်လန်ဒေသ ဝမ်စိမ်းကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း (၃၅) ရွာရှိပြီး လက်ရှိတွင် SSPP/SSA တပ်က ထိန်းချုပ်ထားတာဖြစ်ကြောင်း၊ ထို့အပြင် ကျေးရွာတာဝန်ရှိသူ (၃) ဦးသာ ဖုန်းကိုင်ခွင့်ရပြီး ကျန်သည့်ဒေသခံများအား ဖုန်းကိုင်ဆောင်ခွင့်မပေးကြောင်း စုံစမ်းသိရသည်။
“ပြီးခဲ့တဲ့ (၂) ရက်ကတည်းက ဖုန်းတွေကို ကျေးရွာတာဝန်ရှိသူထံ သွားအပ်ထားရတယ်၊ ဖုန်းအားလုံး လည်းပိတ်ထားတယ်၊ ဘယ်သူ့ဆီမှ ဆက်သွယ်လို့ မရတော့ဘူး” ဟု သြဂုတ်လ (၃၁) ရက် ယနေ့တွင် အဆိုပါကျေးရွာဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ကျောင်းဆရာ စိုင်းကျောက်သည် ဝမ်စိမ်းကျေးရွာအုပ်စု ဝမ်လီရွာသားဖြစ်ပြီး ၎င်းရောက်ရှိသည့် ကောင်းဟတ်ကျောင်းသည် သျှမ်းတပ် (၂) တပ် တိုက်ပွဲပြင်းထန်ခဲ့သည့် ခဲအန်ရွာနှင့် အနီးဆုံးမှာ ရှိနေတာဖြစ်ကြောင်း သိရသည်။
ထို့အပြင် သြဂုတ်လ (၂၃) ရက်နေ့ နံနက်ပိုင်းက ခဲအန်ရွာအတွင်း သျှမ်းတပ် (၂) တပ် တိုက်ပွဲဖြစ်ပွားမှုတွင် အသက် (၂၆) နှစ်ဝန်းကျင်ရှိ စိုင်းနာလိန် လက်နက်ကြီးထိမှန် သေဆုံးခဲ့ကြောင်း၊ ၎င်းတွင် ကိုယ်ဝန်လွယ်ထားရသည့် အမျိုးသမီး ကျန်ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) ပြောရေးဆိုခွင့်ရှိသူများထံ သျှမ်းသံတော်ဆင့်မှ (၃) ရက်ဆက်တိုက် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။
သီပေါမြို့နယ် နမ့်လန်ဒေသ ဝမ်စိမ်းကျေးရွာအုပ်စုအတွင်း သြဂုတ်လ (၁၁) ရက်နေ့မှစတင်ကာ သျှမ်းတပ် (၂) တပ် တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ (၅၀၀) ကျော် ထွက်ပြေးတိမ်းရှောင်ကာ စားနပ်ရိက္ခာခက်ခဲနေကြကြောင်း စုံစမ်းသိရသည်။







