စစ်တွေရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ကတ်ကြေးဖြင့်အထိုးခံရ၍ အမျိုးသားတစ်ဦးသေဆုံး

စစ်တွေရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ကတ်ကြေးဖြင့်အထိုးခံရ၍ အမျိုးသားတစ်ဦးသေဆုံး
နိရဥ္စရာဖိုးဖိုး
နိရဥ္စရာဖိုးဖိုး

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မင်းဂံရပ်ကွက် အကွက် (၁၃) ရှိ ဝိဘဇ္ဇဝါဒီစစ်ဘေးရှောင်စခန်း၌ ယမန်နေ့ညက ကတ်ကြေးဖြင့်အထိုးခံရ၍ စစ်ဘေးရှောင်အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသူမှာ မင်းပြားမြို့နယ် မင်းဖူးကျေးရွာမှ ကိုဇော်ဇော်နိုင် (၂၉ နှစ်) ဖြစ်ပြီး ပြစ်မှုကျူးလွန်သူမှာ အဆိုပါစခန်းတွင်နေထိုင်သော မြောက်ဦးမြို့နယ် ရွာသစ်ကေကျေးရွာမှ ကိုကျော်ကျော်နိုင် (၂၈ နှစ်) ဖြစ်သည်။

သေဆုံးသွားသူ ကိုဇော်ဇော်နိုင်သည် ယမန်နေ့ သြဂုတ်လ ၃ဝ ရက် ည ၁ဝ နာရီခန့်က ကိုကျော်ကျော်နိုင်နှင့်အတူ စခန်းအတွင်း အရက်သောက်စားကြပြီးနောက် မိမိနေအိမ်သို့ပြန်လာစဉ် ကိုကျော်ကျော်နိုင်က ကိုဇော်ဇော်နိုင်ထံသို့သွားကာ ကတ်ကြေးဖြင့် ထိုးသတ်သွားခြင်းဖြစ်သည်ဟု တာဝန်ခံ ဆရာတော်ဦးစက္ကိန္ဒက မိန့်သည်။

"ကတ်ကြေးနဲ့ ထိုးလိုက်တာ။ ရင်ဘတ်ကို ၄ ချက် အထိုးခံရတာ။ ဆေးရုံကြီးကို အရေးပေါ်ယူသွားတယ်။ ဆေးရုံရောက်တာနဲ့ ဆုံးသွားတာပါပဲ။" ဟု ဝိဘဇ္ဇဝါဒီကယ်ဆယ်ရေးစခန်း တာဝန်ခံ ဦစက္ကိန္ဒက မိန့်ကြားသည်။

ပြစ်မှုကျူးလွန်သူနှင့် သေဆုံးသွားသူတို့သည် ခိုက်ရန်ဖြစ်ပွားခဲ့မှုလည်းမရှိခဲ့ဟု ဆရာတော်က မိန့်သည်။

ပြစ်မှုကျူးလွန်သူနှင့်အတူဇနီးဖြစ်သူတို့မှာ အခင်းဖြစ်ပြီးနောက် စစ်ဘေးရှောင်စခန်းထဲမှ ထွက်ပြေးသွားပြီး ယခုအချိန်အထိ လွတ်မြောက်နေဆဲဖြစ်သည်ဟု သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ သေဆုံးသွားသူ၏ အမျိုးသမီးက စစ်တွေမြို့ အမှတ် (၁) ရဲစခန်းတွင် လူသတ်မှုပုဒ်မဖြင့် အမှုဖွင့်ထားကြောင်းလည်း သိရသည်။

သေဆုံးသွားသူတွင် ဇနီးဖြစ်သူနှင့် ၁ဝ လသားအရွယ်သမီးတစ်ဦးတို့ ကျန်ခဲ့ကြောင်း သိရသည်။

၎င်းစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စုပေါင်း ၁၂၄ စုနှင့် စစ်ဘေးရှောင်လူဦးရေ ၅၁၁ ဦးရှိပြီး ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မင်းပြားနှင့် မြောက်ဦးမြို့နယ်များမှ စစ်ဘေးရှောင်များ လာရောက်ခိုလှုံနေကြခြင်းဖြစ်သည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...