တပ်မဟာ-၅ သို့ စစ်ကောင်စီက ဂျက်လေယာဉ်ဖြင့် တစ်ရက်အတွင်း ၃ ကြိမ် လာရောက်ထောက်လှမ်းနေ

တပ်မဟာ-၅ သို့ စစ်ကောင်စီက ဂျက်လေယာဉ်ဖြင့် တစ်ရက်အတွင်း ၃ ကြိမ် လာရောက်ထောက်လှမ်းနေ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ တပ်မဟာ ၅ နယ်မြေ၊ လူသောမြို့နယ်သို့ စစ်ကောင်စီက ဩဂုတ် ၂၅ ရက် တစ်ရက်အတွင်း သုံးကြိမ်လာရောက် ထောက်လှမ်းနေသည်ဟု မူတြော်ခရိုင်သတင်းစဉ်က ယနေ့ ညနေပိုင်းတွင် ထုတ်ပြန်ပြောသည်။

အဆိုပါ ဖြစ်စဉ်တွင် စစ်ကောင်စီတပ်ဘက်မှ စစ်သုံးဂျက်လေယာဉ် အသုံးပြုပြီး လူသောမြို့နယ်အတွင်းရှိ ပေးကေးဒဲ ကျေးရွာအုပ်စု၊ ဘောသေထာ ကျေးရွာအုပ်စု၊ ထီးကောဒဲ ကျေးရွာအုပ်စုနှင့် တေမူဒဲ ကျေးရွာအုပ်စုများ အပေါ်သို့ ယနေ့မနက် ၈ နာရီခွဲ တွင်တစ်ကြိမ်၊ ၁၀ နာရီ ကျော်တွင်တစ်ကြိမ်နှင့် ၁၁ နာရီ ကျော်တွင်တစ်ကြိမ် လေယာဉ်နှင့် လာရောက်စုံစမ်းမှုပြုလုပ်ကြောင်း မူတြော်ခရိုင်သတင်းစဉ် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ယခုရက်ပိုင်းတွင် စစ်ကောင်စီ၏ စစ်သုံးဂျက်လေယာဉ်များ တပ်မဟာ ၅ နယ်မြေတွင် နေ့စဉ်နီးပါး ပျံသန်းနေသည့်အတွက် ဒေသခံများ စိုးရိမ်ထိန့်လန့်နေပြီး ခရိုင်တာဝန်ရှိသူများကလည်း ဗုံးခိုကျင်းများ၊ ကတုတ်ကျင်းများနှင့် အခြားအန္တရာယ်ကင်းမည့် နေရာများတွင် တပ်လှန့်အနေအထားနှင့် သွားလာနေထိုင်ကြရန် ညွှန်ကြားထားသည်။

တပ်မဟာ- ၅၊ ပြောခွင့်ရ ဒုတိယဗိုလ်မှူး ကြီးစောကလယ်ဒိုက “စစ်တပ်က ဂျက်လေယာဉ်နဲ့ လာရောက်စုံစမ်း ထောက်လှမ်းတယ်။ ၂ ရက် ၃ ရက် ဆက်တိုက်လာတယ်။ ဟိုတစ်နေ့တုန်းက နေ့ပိုင်းမလာဘူး။ ညပိုင်းမှာ ဒရုန်းနဲ့ ပြန်လာစုံစမ်းတာမျိုးရှိတယ်။ ပြီးတော့ မြေပြင်မှာလည်း တပ်အင်အားတိုးချဲ့တာရှိတယ်။ မြေပြင်မှာရှိတဲ့ သူတို့ လူတွေကို ရိက္ခာ လာပို့တယ်လို့ သိထားတယ်။ ဒါပေမယ့် အခုကနွေရာသီရောက်တော့မယ်ဆိုတော့ သူတို့လာပြီး ကြိုတင်ပြင်ဆင်ထားတာလားတော့ သေချာမသိသေးဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

KNU ထိန်းချုပ်နယ်မြေများထဲတွင် ယခင်က တပ်မဟာ -၅၊ တစ်ခုတည်းသာ စစ်ရေးတင်းမာမှုရှိသော်လည်း ယခုအချိန်တွင် တပ်မဟာ (၅) အပြင် တပ်မဟာ-၁၊ တပ်မဟာ-၂၊ တပ်မဟာ-၃ နှင့် တပ်မဟာ-၆ များတွင်လည်း စစ်ရေးတင်းမာမှုများ ရှိနေပြီးဖြစ်သည်။

ယခုလို စစ်ရေးတင်းမာမှုများသည် စစ်ကောင်စီက အာဏာတည်မြဲရေးအတွက် အင်အားများတိုးချဲ့ပြီး စစ်ရေးလှုပ်ရှာမှုများ လုပ်ဆောင်နေသည့် သဘောမျိုးဖြစ်နိုင်ကြောင်းလည်း ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုက ကေအိုင်စီသို့ ပြောသည်။

ကေအဲန်ယူထိန်းချုပ်နယ်မြေ တပ်မဟာ - ၅ နှင့် တပ်မဟာ - ၃ တို့တွင် စစ်ကောင်စီတပ်မှ ပြီးခဲ့သည့် မတ်လတွင် ဂျက်လေယာဉ်အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့်အတွက် ဒေသခံသေဆုံးမှုများရှိသလို ပြည်သူ ၇၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ပြေးရှောင်ကူညီပေးသူထံမှ သိရသည်။

 
 

 

 

January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...
January 6, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ...
January 5, 2026
ပြီးခဲ့သည့် ဇန်နဝါရီလ(၁)ရက်နေ့တွင် ကရင်နယ်ခြားစောင့်တပ်-BGF မှ ကရင်အမျိုးသားတပ်မတော်-KNA အဖြစ်...