KNU တပ်မဟာ ၆ နယ်မြေတွင် စစ်ကောင်စီက စခန်း ၅ ခုစွန့်ခွာပြီးနောက် စစ်ရေးကျူးကျော်မှု စပြုလုပ်

KNU တပ်မဟာ ၆ နယ်မြေတွင် စစ်ကောင်စီက စခန်း ၅ ခုစွန့်ခွာပြီးနောက် စစ်ရေးကျူးကျော်မှု စပြုလုပ်

ကေအဲန်ယူ၊ ကရင်အမျိုးသားအစည်းအရုံး KNU ဒူးပလာယာခရိုင်၊ မြို့နယ်အသီးသီးရှိ ထိန်းချုပ်နယ်မြေတွင် စစ်ကောင်စီက တပ်စွဲထားခဲ့သည့် လုံခြုံရေးစခန်း ၅ ခုကို ဇွန်လနောင်းပိုင်းမှစ၍ စခန်းစွန့်ခွာခဲ့ကြပြီးနောက် နယ်မြေများအတွင် စစ်ရေးပြန်လည်ကျူးကျော်မှု ပြုလုပ်လာနေသည်ဟု KNU တာဝန်ရှိသူများထံမှ သိရသည်။

KNU တပ်မဟာ ၆ နယ်မြေ တပ်ရင်း ၁၆၊ ၁၇ တို့၏ ထိန်းချုပ်နယ်မြေများတွင် စစ်ကောင်စီ၏ ရဲ၊ တပ်စခန်းများဖြစ်သည့် ဇီးနှစ်ပင်၊ အပလုံ၊ ဘုရားတောင်၊ ကျိတ်တပ်စခန်းနှင့် အဇင်းရဲစခန်းရှိ ရှေ့တန်းလုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းတို့၏ တပ်စခန်း နေရာမှ စွန့်ခွာကြပြီးနောက် ဩဂုတ် ၂ဝ ရက်နေ့ နောက်ပိုင်းတွင် ကျူးကျော်စစ်များ ပြန်လည်လုပ်ဆောင် လာကြောင်း KNU နယ်မြေတာဝန်ရှိသူများထံမှ သိရသည်။

KNU တပ်မဟာ ၆ ခရိုင်အတွင်းရေးမှူး ပဒိုစောလစ္စတန်က “သူတို့စစ်ရေးအရလာတော့ ထိတွေ့မှုတွေဖြစ်မှာပဲ။ ဖြစ်နိုင်ရင် သူတို့တပ်တွေ ပြန်ဆုတ်ရင်တော့ ကောင်းတာပေါ့။ ဒေသတစ်ခုထဲ မတူညီတဲ့တပ် ၂ ခုနေရင် ပွန်းပဲ့ထိတွေ့မှုတွေ တစ်ချိန်မဟုတ်တချိန် ဖြစ်လာမှာပဲလေ။ ခုလဲသူတို့လှုပ်ရှားလာမှုအပေါ်မှာ ဖြစ်တာပါ။ အပစ်ရပ်ထားပြီး သူတို့တွေ စစ်ရေး အုပ်ချုပ်ရေးတွေ ဆောင်ရွက်လာနေတယ်။ နိုင်ငံရေးအရ ပြေလည်ကြဖို့လိုတယ်” ဟု ဩဂုတ် ၂၃ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။

KNU ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကရင်ပြည်နယ် နယ်ခြားစောင့် BGF တပ်တို့ပူးပေါင်းပြီး ကွင်းကလေး၊ အံဖလေး၊ ထီဟူးသံ၊ ကမိုင်ကုန်ရွာအနီးများတွင် ဩဂုတ် ၂၃ ရက်နေ့နောက်ပိုင်း စစ်ရေး ကျုးကျော်မှုတွေဖြစ်ပေါ်လာသလို  တိုင်းရင်းသားလက်နက်အဖွဲ့နှင့် မကြာခန လာရောက်ပစ်ခတ်မှုလည်း ရှိလာသည်ဟု ဒေသခံများထံမှ သိရသည်။

KNU ကော့ကရိတ်မြို့နယ် ဒေသခံ နော်စေးစေးက “တိုင်းရင်းသားဧရိယာထဲမှာ တပ်စွဲထားတဲ့ ရဲ၊ တပ်စခန်းအချို့ နောက်ပြန်ဆုတ်သွားတယ်ဆိုပေမယ့် စစ်ရေးလှုပ်ရှားဖို့ ခုအကြောင်းရှာလာပြန်တယ်။ ကိုဗစ်ရောဂါကြောင့် စားဝတ်နေရေးကလည်း ခက်ခဲတာနဲ့ ခုလိုဗမာစစ်တပ်တွေတက်လာတော့ ပြေးရ၊ ပုန်းရနဲ့ တစ်နယ်လုံး ဒုက္ခတွေရောက်ရတယ်။ အပစ်ရပ်သာပြောပြီး ကျမတို့ဒေသမှာ စစ်ရေးကျုးလာတာ ဘယ်လိုမှ ယုံလို့မရတော့ဘူး” ဟု ဩဂုတ် ၂၄ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။

KNU ဒူးပလာယာခရိုင်ကို ကော့ကရိတ်မြို့နယ်၊ နို့တကော်မြို့နယ်၊ ကျုံဒိုးမြို့နယ်၊ ဝင်းရေးမြို့နယ်တို့ဖြင့် ဖွဲ့စည်းထားပြီး မြို့နယ်များအောက်တွင် ကျေးရွာအသီးသီးများဖြင့် စုဖွဲ့အုပ်ချုပ်လျက်ရှိသည်။

၎င်းနယ်မြေများတွင် စစ်ကောင်စီမှ လတ်တလော စစ်ရေးကျူးကျော်လာသည့်အတွက် ပစ်ခတ်မှုတွေဖြစ်ပွားနေလျှက်ရှိပြီး ဒေသခံအချို့မှာလည်း စစ်ဘေးရှောင်နေရသည်ဟု ကျေးရွာတာဝန်ရှိများထံမှ သိရသည်။

Most read this week

December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...
December 9, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ မင်းလက်ပံကျေးရွာရှိ Shunda Park ငွေလိမ်ခြံဝန်းအတွင်း...
December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...