မယ်လအူးနှင့် မယ့်ရာမိုဒုက္ခသည်စခန်း ၂ ခုမှ ကျန်းမာရေးဝန်ထမ်းများကို ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေး

မယ်လအူးနှင့် မယ့်ရာမိုဒုက္ခသည်စခန်း ၂ ခုမှ ကျန်းမာရေးဝန်ထမ်းများကို ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေး
photo - TBC (Mae La Oon camp)
photo - TBC (Mae La Oon camp)

ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်အတွင်းရှိ မယ်လအူးနှင့် မယ့်ရာမိုဒုက္ခသည်စခန်း ၂ ခုတွင် စခန်းထဲမှ ကျန်းမာရေးဝန်ထမ်းများကို ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေးနေပြီဖြစ်ကြောင်း ကရင်ဒုက္ခသည်ကော်မတီထံမှ သိရသည်။

၎င်းကာကွယ်ဆေးကို ဒုက္ခသည်စခန်းတွင် လူထုအတွက် ကျန်းမာရေးဝန်ဆောင်မှုများ လုပ်ပေးလျှက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများကိုသာ အရင်ဦးစားပေးထိုးပေးခြင်းဖြစ်ပြီး ဩဂုတ်လ ၂၁ ရက်နေ့တွင် မယ်လအူးစခန်း၌လည်းကောင်း၊ ဩဂုတ်လ ၂၂ ရက်နေ့တွင် မယ်ရာမိုစခန်း၌လည်းကောင်း စတင်ထိုးပေးနေပြီဖြစ်သည်ဟု ဒုက္ခသည်အရေးကူညီဆောင်ရွက်ပေးသူများ၏ ပြောပြချက်အရ သိရသည်။

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်စခန်းများအနက် လက်ရှိအချိန်တွင် အဆိုပါစခန်းနှစ်ခုတွင်သာ ကျန်းမာရေးဝန်ထမ်းများ ကိုဗစ်ကာကွယ်ဆေး ထိုးပေးပြီးသော်လည်း အခြားဒုက္ခသည်စခန်းရှိ ကျန်းမာရေးဝန်ထမ်းများအား မည်သည့်အချိန်တွင် ထိုးသွားပေးမည်ကိုမူ မသိရှိရသေးကြောင်း ကရင်ဒုက္ခသည်များကော်မတီ-KRC ၏ အတွင်းရေးမှူး စောပွယ်စေးက ပြောသည်။

စောပွယ်စေးက “အခုတစ်ခေါက်က သူတို့က ကျန်းမာရေးဝန်ထမ်းတွေကိုပဲ အဓိကထား ဦးစားပေးထိုးပေးတာပေါ့။ ဘာဖြစ်လဲဆိုတော့ ကျန်းမာရေးဝန်ထမ်းတွေက တစ်ခုခုဖြစ်ရင် ရှေ့ကနေ လုပ်ပေးနေရတယ်ဆိုတော့ ကာကွယ်တဲ့အနေနဲ့ သူတို့ကို အရင်ဦးစားပေး ထိုးပေးတာဖြစ်တာပေါ့။ စခန်းကော်မတီဝင်တွေ၊ စခန်းမှာရှိတဲ့လူထုတွေကိုတော့ မထိုး ပေးရသေးဘူး။ ထိုးတယ်ဆိုတာကလည်း ထိုးချင်တဲ့စိတ်ရှိမှ ထိုးပေးတာပေါ့” ဟု ကေအိုင်စီသို့ ပြောသည်။

၎င်းဒုက္ခသည်စခန်းနှစ်ခုတွင် ထိုးပေးသည့် အဆိုပါ ကိုဗစ်ကာကွယ်ဆေးမှာ EU မှလာသည့် ကာကွယ်ဆေး အမျိုးအစားဖြစ်သည်ဟု သိရှိရပြီး ဒုက္ခသည်များအတွက် ကျန်းမာရေးဆိုင်ရာ ကူညီဆောင်ရွက်ပေးနေသည့် AMI အဖွဲ့က ထိုးပေးခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် မယ်လအူးစခန်းရှိ ကျန်းမာရေးဝန်ထမ်း (၁၈၆) ဦးကို ကာကွယ်ဆေး ထိုးပေးပြီးဖြစ်သည့်အတွက် ကျန်ရှိသည့် စခန်းအတွင်းရှိ နေထိုင်သူအားလုံးကိုလည်း ထိုးခွင့်ရစေချင်ကြောင်း ဒုက္ခသည်စခန်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိ မယ်လနှင့် အုန်းဖျန်ဒုက္ခသည်စခန်းများ၌လည်း လတ်တလောအချိန်တွင် ကိုဗစ်ကူးစက်မှုများလာသည့်အပြင် မယ်လအူးနှင့် မယ့်ရာမိုဒုက္ခသည်စခန်း အပြင်ဘက်ရှိ ကျေးရွာများတွင်လည်း ကိုဗစ်ကူးစက်မှုများရှိနေသည့်အတွက် ဒုက္ခသည်စခန်းများ၏ အဝင်/အထွက်မှာ ပိုမိုတင်းကြပ်လာကြောင်း ၎င်းစခန်းများတွင် နေထိုင်သူ စခန်းသူစခန်းသားများက ပြောဆိုနေကြသည်။

မယ်လအူးစခန်း တာဝန်ခံတစ်ဦးက “ကျနော်တို့နေတဲ့စခန်းမှာ အခု စည်းကမ်းချက်တစ်ခု တိုးလာတာက ရပ်ကွက်တစ်ခုနဲ့တစ်ခု ဖြတ်ကျော်လို့မရဘူး။ တကယ့်လို့ မသွားမဖြစ်သွားရမယ်ဆိုရင် အကာအကွယ် ပြည့်ပြည့်စုံစုံနဲ့ သွားရတာပေါ့။ ဘာဖြစ်လို့ပြန်ကြပ်လဲဆိုရင် မယ်လအူးစခန်းနားက မာအိုးလူးရွာမှာ ကူးစက်မှုများတယ်ဆိုတော့ အဲဒီရွာမှာ သွားတဲ့လူတွေကိုလည်း အကုန် lock down ၁၄ ရက် ချတာပေါ့” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုင်း-မြန်မာနယ်စပ်၏ ထိုင်းနိုင်ငံဘက်ခြမ်းတွင် ကရင်ဒုက္ခသည်စခန်း ၇ ခု၊ ကရင်နီဒုက္ခသည်စခန်း ၂ ခု စုစုပေါင်းစခန်း ၉ ခုရှိပြီး လက်ရှိအချိန်တွင် လူဦးရေ ၉ သောင်းကျော် ခိုလှုံနေထိုင်လျက်ရှိကာ ထိုင်းနိုင်ငံတွင် ကိုဗစ်ကူးစက်မှု တတိယလှိုင်းပြန်ဖြစ်လာချိန်တွင် စခန်းအချို့၌လည်း ကိုဗစ်ကူးစက်မှုရှိသောကြောင့် အဆိုပါစခန်းအားလုံး အဝင်/အထွက်ကို ထိုင်းအာဏာပိုင်ဘက်မှ ထပ်မံ တင်းကြပ်လိုက်ခြင်းဖြစ်သည်။

May 12, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးနှင့် ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာတချို့တို့တွင် ယခုနှစ်နွေရာသီ...
May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...
May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...