ချောင်းဆုံမှာ ဝင်/ထွက်သွားလာခွင့် စတင်ကန့်သတ်

ချောင်းဆုံမှာ ဝင်/ထွက်သွားလာခွင့် စတင်ကန့်သတ်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်း ဝင်/ထွက်သွားလာခွင့်ကို ဩဂုတ်လ ၁၉ ရက်နေ့ကစပြီး စတင်ကန့်သတ်ထားတယ်လို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ချောင်းဆုံမြို့နယ်မှာတော့ ကိုဗစ်အတည်ပြုလူနာတွေ့ရှိမှုနဲ့ သေဆုံးမှုနှုန်း မြင့်တက်လာတဲ့အတွက်ကြောင့် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွေက ဝင်/ထွက်သွားလာခွင့်ကို ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။

ချောင်းဆုံမြို့နယ်အတွင်း လာရောက်သူတွေဟာ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေရဲ့ ခရီးသွားလာခွင့်ထောက်ခံချက် ပါရရှိရမှာဖြစ်ပါတယ်။

“မနေ့ကစပြီး ချောင်းဆုံအဝင်မှာ စစစ်နေတယ်၊ ခရီးသွားလာခွင့်ကဒ်မပါရင် ပြန်လွှတ်နေတာရှိတယ်” လို့ ချောင်းဆုံဒေသခံတစ်ဦးက ဆိုပါတယ်။

ဒါအပြင် ချောင်းဆုံမြို့နယ်အတွင်း နေထိုင်သူတွေအနေနဲ့လည်း မြို့နယ်အတွင်းသွားလာရင် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံချက် ပါရှိရမှာဖြစ်ပါတယ်။

ချောင်းဆုံမြို့နယ်မှ ကျန်းမာရေးအရ မော်လမြိုင်ဆေးရုံသို့ လူနာလွှဲပြောင်းရာမှာလည်း ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ထောက်ခံချက်၊ ကျန်းမာရေး ထောက်ခံချက်၊ လူနာပို့ရင် ဆေးရုံထောက်ခံချက်၊ ဆရာဝန်ထောက်ခံချက်တွေ ပါရှိရမှာဖြစ်ပါတယ်။

“ချောင်းဆုံအဝင်မှာ စစ်နေတယ်၊ ကျွန်တော်တို့ လူမှုကယ်ရေးအဖွဲ့တွေလည်း အခုနောက်ပိုင်း ထောက်ခံစာပါမှ သွားလို့ရတယ်” လို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ချောင်းဆုံမြို့နယ်မှာ ဩဂုတ်လ ၁၉ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၁၃၀၀ နီးပါး တွေ့ရှိထားပြီး၊ သေဆုံးသူ ၈၀ ကျော်ရှိတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

 
 

 

 

June 10, 2026
လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့က ဆောင်ရွက်နိုင်စွမ်းရှိတဲ့ အဆို၊...
June 9, 2026
တနင်္သာရီတိုင်း ပုလောမြို့နယ်နဲ့လောင်းလုံးမြို့နယ်တို့မှာ တစ်ရက်တည်း မြေမြှုပ်မိုင်း...
June 8, 2026
မွန်ပြည်နယ် မုဒုံမြို့နယ် နှီးပဒေါကျေးရွာအနီးမှာ အာဏာသိမ်း စစ်တပ်ရဲ့ တပ်ကြပ်ကြီး နှစ်ဦး သေနတ်နဲ့...
June 6, 2026
တနင်္သာရီတိုင်း ရေဖြူမြို့နယ် ဧကနိကျေးရွာနဲ့ရငဲရွာကြားမှာ စစ်ကော်မရှင်တပ်ရဲ့ စက်တပ်လေထီးနဲ့...