ဗဟိုဘဏ်က ATM စက် ငွေဖြည့်ဖို့ ညွှန်ကြားထားပေမယ့် ဘဏ်တွေ ငွေမဖြည့်နေ

ဗဟိုဘဏ်က ATM စက် ငွေဖြည့်ဖို့ ညွှန်ကြားထားပေမယ့် ဘဏ်တွေ ငွေမဖြည့်နေ

အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ဩဂုတ်လ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ ဘဏ်တွေပိတ်ထားဖို့ ညွှန်ကြားထားပြီး ပိတ်ရက်အတွင်း ဘဏ်တွေအနေနဲ့ ATM စက်တွေကို ငွေဖြည့်ပေးထားကြဖို့ ဩဂုတ် ၁၃ ရက်က ညွှန်ကြားထားပါတယ်။

ဗဟိုဘဏ်က ATM စက်တွေမှာ ငွေဖြည့်ပေးဖို့ ညွှန်ကြားထားပေမယ့် မွန်ပြည်နယ်အတွင်းက ATM စက် အားလုံးနီးပါးမှာ ငွေဖြည့်ထားတာ မရှိပါဘူး။

“မဖြည့်နိုင်တာက လက်ကျန်ငွေနဲ့ မူတည်တယ်၊ ဘဏ်တွေမှာလည်း ငွေမရှိတော့ဘူး၊ အစကတည်းက စက်မှာ မဖြည့်တာကြာပြီလေ ဒီအတိုင်းပဲ လွှတ်ထားတဲ့သဘောမျိုးပေါ့” လို့ ဘဏ်ဝန်ထမ်းတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဘဏ်တွေက စစ်တပ်အာဏာသိမ်းပြီးနောက် ဇွန်လလကစပြီး ATM စက်တွေမှာ ငွေဖြည့်သွင်းခြင်း မရှိတော့ဘူးလို့ သိရပါတယ်။

အခုအခါ ပြည်သူတွေဟာ ဘဏ်တွေမှာ ငွေထုတ်ဖို့ခက်ခဲတာ၊ ATM စက်တွေ ငွေမဖြည့်တော့တဲ့အတွက်ကြောင့် မြန်မာငွေကြေးကို မှောင်ခိုငွေကြေးဈေးကွက်မှာ ရာခိုင်နှုန်းပေးပြီး လဲလှယ်နေရပါတယ်။

“အခုက ATM တွေကို ငွေထုတ်မရတာ လနဲ့ချီပြီး၊ ဘဏ်စနစ်တွေကလည်း မကောင်းတော့ တော်တော်ဒုက္ခရောက်ကျတယ်၊ ဒီအတိုင်းဆိုရင် ဘာမှလုပ်လို့ရတော့မှာ မဟုတ်ဘူး” လို့ မော်လမြိုင်ဒေသခံ ပြည်သူတစ်ဦးက ဆိုပါတယ်။

တဖက်မှာတော့ ဘဏ်ဝန်ဆောင်မှု ကန့်သတ်ချက်တွေကြောင့် လုပ်ငန်းရှင်အများစု လုပ်ငန်းလုပ်လို့မရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

“တစ်လမှ သိန်း ၃၀ ပဲဆိုတော့ ဘယ်လိုမှ လည်လို့မရဘူး အရင်က တစ်ရက်ကို သိန်း ၁၀၀ လောက်လည်ပတ်နေတာ၊ ငွေလွဲ ငွေထုတ် လုပ်တာကလည်း မလွယ်ဘူး” လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ငွေထုတ်သူတွေကို အလှည့်ကျတန်းစီစနစ်ဖြင့် ဘဏ်တွေက ငွေထုတ်ပေးခဲ့ပြီး၊ လက်ရှိမှာ Covid တတိယလှိုင်းကြောင့် လူစုလူဝေးမဖြစ်အောင် ဖုန်းဆက် တုံကင်ယူတဲ့စနစ်နဲ့ ငွေထုတ်ပေးနေတာ ဖြစ်ပါတယ်။

ငွေထုတ်ယူရာမှာ အရင်က ဘဏ်စာအုပ်တစ်အုပ်ကို တစ်ပတ် ကျပ်သိန်း ၂၀ ထုတ်ပေးရာကနေ ကျပ် ၁၀ သိန်း၊ ကျပ် ၅ သိန်းထိ လျော့ချခဲ့သလို လက်ရှိ ဇွန်လကစပြီး ဘဏ်စာအုပ် တစ်အုပ်ကို တစ်ပတ် ကျပ် ၃ သိန်း၊ လုပ်ငန်းရှင်တွေကိုတော့ တစ်လ ကျပ် ၃၀ သိန်း ငွေထုတ်ပေးနေတာဖြစ်ပါတယ်။

လက်ရှိမှာတော့ ပြည်သူတွေဟာ မှောင်ခိုငွေကြေးဈေးကွက်မှာ မြန်မာငွေကို ၅ ရာခိုင်နှုန်းကနေ ၁၂ ရာခိုင်နှုန်းထိပေးပြီး လဲလှယ်သုံးစွဲနေရပါတယ်။

 
 

 

 

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...