ထိုင်း-မြန်မာနယ်စပ် မယ်လအူး ဒုက္ခသည်စခန်းတွင်းနေထိုင်သူ မိသားစုတစ်စု၌ ယမန်နေ့ ဩဂုတ်လ ၁၇ ရက်နေ့တွင် ကိုဗစ်ရောဂါပိုးကူးစက်ခံရသူ ၆ ဦး တွေ့ရှိသဖြင့် စခန်းတွင်းသွားလာမှု တင်းကြပ်ထားလိုက်ရသည်ဟု စခန်းတာဝန်ရှိသူများထံမှ သိရသည်။
ရပ်ကွက် (၂) တွင်နေထိုင်သည့် စောတာဟေဘလု မိသားစုထံမှ မိသားစုဝင် ၅ ဦးထံတွင် ကနဦး ကိုဗစ်ကူးစက်ခံနေရကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် အဆိုပါနေ့ ညနေပိုင်းခန့်တွင် နောက်ထပ် ၎င်းမိသားစုဝင်တစ်ဦးထံမှ ပိုးကူးစက်ခံရမှု တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း စခန်းဥက္ကဌ စောပူဒေးက ယခုလိုပြောသည်။
“ဘယ်လိုကူးစက်ခံရတာလဲတော့ မသိဘူး။ ဒါပေမဲ့ သူတို့ကိုမေးကြည့်တော့လည်း အပြင်လည်း မထွက်ဘူးပေါ့နော်။ ဒါပေမဲ့ သူတို့က အပြင်ခိုးထွက်တာတွေ လုပ်တတ်တယ်။ ပြီးတော့ ထိုင်းစစ်တပ်တွေနဲ့လည်း ထိတွေ့ဆက်ဆံတာတွေရှိတယ်။ ကျနော်တို့ယူဆတာက အဲ့ကနေ ကူးစက်ခံတာလည်း ဖြစ်နိုင်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။
လတ်တလောတွင် အခြားနေရာအတွင်း ကူးစက်ခံရမှု ရှိ/မရှိ အသိရသေးဘဲ စခန်းအတွင်း သွားလာမှုများကို တားမြစ်ထားပြီး အိမ်တွင်းသာနေထိုင်ရန်၊ အရေးကြီးကိစ္စရှိမှသာ Mask တပ်၍သွားလာရန် အသိပေးနှိုးဆော်ထားပြီး လာမည့် မနက်ဖန်တွင်လည်း ရပ်ကွက် (၂) အတွင်းရှိ နေအိမ်အားလုံးကို ကျန်းမာရေး တာဝန်ရှိသူများမှ စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု စခန်းဥက္ကဌ စောပူဒေးက ဆက်ပြောသည်။
အဆိုပါ ကူးစက်ခံရသူများကို စခန်းအတွင်းရှိ သတ်မှတ်ပေးထားသည့် နေရာတွင် ပို့ဆောင်ထားပြီး ၎င်းနေအိမ်ပတ်ဝန်းကျင်ကိုလည်း သွားလာမှု ကန့်သတ်ထားကာ ကူးစက်ခံရသူထဲတွင် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၃ ဦးပါဝင်ကာ အဆိုပါအမျိုးသမီးထဲတွင် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးပါဝင်ကြောင်း စခန်းတွင်းနေထိုင်သူများထံမှ သိရသည်။
စခန်းတွင်း နေထိုင်သူတစ်ဦးက “အိမ်ရှင်က အဖျားတက်တော့ ဆေးခန်းကိုလာပြတယ်။ လာပြတော့ သံသယဖြစ်စရာတွေရှိတော့ သူတို့အိမ်ကို lock-down ချလိုက်တယ်။ သူတို့ကို လိုအပ်တာစစ်ဆေးပြီး မြို့ပေါ်ကိုပို့ စစ်ဆေးတော့ ကိုဗစ်ရလဒ် ထွက်လာတာပဲ” ဟု ကေအိုင်စီသို့ ပြောသည်။
လတ်တလောတွင်လည်း အဆိုပါ ကူးစက်ခံရမှုရှိလာခြင်းကြောင့် စခန်းတွင်းနေထိုင်သူများအနေဖြင့် စိုးရိမ်မှုများရှိနေပြီး စခန်းတွင်း သွားလာ လှုပ်ရှားမှုလည်း နည်းပါးလာကြောင်းနှင့် အခြေအနေ ပိုဆိုးလာမည်ကို စိုးရိမ်သောကြောင့် စားနှပ်ရိက္ခာ ကြိုထုတ်ဝယ်ယူထားသူအချို့လည်းရှိနေကြောင်း စခန်းတွင်းနေထိုင်သူများက ဆိုသည်။
ပြီးခဲ့သည့် လများတွင်လည်း ထိုင်း-မြန်မာ နယ်စပ်ရှိ မယ်လ၊ အုန်းဖျန်နှင့် ထမ်းဟင် ဒုက္ခသည်စခန်းများတွင်လည်း အလားတူ ကိုဗစ်ရောဂါ ကူးစက်ခံရမှုရှိခဲ့ပြီး သေဆုံးသည့် အခြေအနေထိ မရောက်ရှိခဲ့ကြောင်း သိရသည်။
ထိုင်း-မြန်မာနယ်စပ် တစ်လျှောက်တွင် မြန်မာဒုက္ခသည်စခန်း ၉ ခုရှိပြီး လူဦးရေ ကိုးသောင်းကျော် ခိုလှုံလျက်ရှိသည်ဟု သိရသည်။







