အုန်းဖျန်ဒုက္ခသည်စခန်းနေ လူငယ်တစ်ဦး ပစ္စည်းခိုးသည်ဟု အစွပ်စွဲခံရပြီး ပစ်သတ်ခံခဲ့ရ

အုန်းဖျန်ဒုက္ခသည်စခန်းနေ လူငယ်တစ်ဦး ပစ္စည်းခိုးသည်ဟု အစွပ်စွဲခံရပြီး ပစ်သတ်ခံခဲ့ရ

ထိုင်း-မြန်မာနယ်စပ်ရှိ အုန်းဖျန်ဒုက္ခသည်စခန်းတွင်နေထိုင်သူ အသက် (၁၉) နှစ်အရွယ် လူငယ်တစ်ဦးသည် စခန်းအတွင်းရှိ နေအိမ်မှ ပျောက်ဆုံးသွားပြီးနောက် စခန်း၏ ၅ ကီလိုမီတာအကွာအဝေးရှိ မြောင်ကျေးရွာတစ်ရွာတွင် ပစ္စည်းခိုးယူသည်ဟုဆိုကာ ယမန်နေ့ ဩဂုတ်လ ၁၆ ရက်နေ့က သေနတ်ဖြင့် ပစ်သတ်ခြင်းခံခဲ့ရသည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်ဟု စခန်းတာဝန်ရှိသူများထံမှ သိရသည်။

ဖြစ်စဉ်အရ အသက် (၁၉) နှစ်အရွယ် စနေအေးသည် ပြီးခဲ့သည့် ဩဂုတ်လ ၁၄ ရက်နေ့က စခန်းတွင်းရှိ နေအိမ်တွင် ပျောက်ဆုံးသွားပြီးနောက် စခန်းမှ ၅ ကီလိုမီတာဝေးသည့် မြောင်ရွာကြီးကျေးရွာတွင် အိမ်ရှင်တစ်ဦး၏ပစ္စည်းကို ခိုးယူခြင်းကြောင့် ဖမ်းဆီးထိန်းသိမ်းထားကြောင်း ကျေးရွာဥက္ကဌမှ ကနဦး ဖုန်းဆက်ပြောဆိုပြီးနောက် တာဝန်ရှိသူများက သွားရောက်ခေါ်ယူရန် စီစဉ်နေစဉ် သေနတ်ဖြင့်ပစ်သတ်ခံလိုက်ရပြီးဖြစ်ကြောင်း ထပ်မံအကြောင်းကြားလာသည်ဟု စခန်း၏ အတွင်းရေးမှူး စောဆာထုက ဖြစ်စဉ်အသေးစိတ်ကို ယခုလိုပြောသည်။

“အဲ့ကလေးက အရင်က ဆေးတွေ၊ ဘာတွေ သုံးတတ်တော့ ဦးနှောက်က သိပ်ပြီးတော့ အလုပ်မလုပ်ဘူး။ ဖြစ်သွားတာက မနေ့က ၁၁ နာရီကျော်လောက်မှာ ဖြစ်သွားတာ။ ၁၀ နာရီကျော်လောက်မှာ ရွာသူကြီးက ကျနော်တို့ စခန်းတာဝန်ရှိသူကို ဖုန်းဆက်ပြောတယ်။ ခင်ဗျားတို့စခန်းက ကလေးတစ်ယောက်က သူများပစ္စည်းခိုးလို့ သူများဖမ်းထားတယ် သွားကြည့်ပါအုံးပေါ့။ ဒီကလည်း သွားကြည့်ဖို့လုပ်နေတုန်း ဖုန်းပြန်ဆက်လာပြီး အဲ့ကလေးက ထပြီး ဓါးသွားယူပြီး ပြန်လုပ်ဖို့လုပ်တဲ့အတွက် သူများ ပစ်သတ်လိုက်ပြီဆိုပြီး ပြန်ပြောတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါလူငယ်ကို ၉-မမ ပစ္စတိုသေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး ပစ်သတ်ခံရစဉ်တွင် ဝမ်းဗိုက်တွင် နှစ်ချက်၊ လက်တွင် တစ်ချက် ပစ်သတ်ခံခဲ့ရခြင်းဖြစ်သော်လည်း ၎င်းအခင်းဖြစ်ပွားရာနေရာတွင် ကျည်ခွံ ၄ ခုတွေ့ရှိကြောင်းနှင့် အဆိုပါသေနတ်မှာလည်း လိုင်စင်ရှိကြောင်း စောဆာထုက ဆက်ပြောသည်။

၎င်းလူငယ် သေဆုံးမှုအတွက် မိသားစုများမှ ရုပ်အလောင်းပြန်လည်ရရှိရေးနှင့် ပစ်ခတ်သူကို တရားဥပဒေအရ အရေးယူဆောင်ရွက်ပေးရေး မိသားစုက လိုလားပြီး ၎င်းအတွက် ဥပဒေအထောက်အကူပြုဌာန (LAC) ကို အကူအညီတောင်းထားကာ အခင်းဖြစ်ပွားပြီးနောက် သက်ဆိုင်ရာ ကရင်ဒုက္ခသည်ကော်မတီ (KRC) အပါအဝင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး-UNHCR မှ တာဝန်ရှိသူများ၊ The Border Consortium (TBC) စသည့် အဖွဲ့အစည်းများကိုပါ အသိပေးအကြောင်းကြားထားကြောင်းလည်း စခန်းတာဝန်ရှိသူများက ဆိုသည်။

ပစ်သတ်ခံခဲ့ရသူ လူငယ်တွင် ညီအစ်ကို ၅ ဦးရှိပြီး ၎င်းမိခင်နှင့်အတူ နေထိုင်ကာ ဖခင်မှာ လွန်ခဲ့သည့် ၃ လခန့်က ကွယ်လွန်သွားခဲ့ပြီးဖြစ်သည်။

စခန်းအတွင်းနေထိုင်စဉ်တွင် ထိုသို့ ပစ္စည်းခိုးယူခြင်းမျိုး ပြုလုပ်ဖူးသူမဟုတ်ကြောင်းနှင့် ယခုဖြစ်စဉ်တွင် ပစ္စည်းခိုးယူခြင်းနှင့် တိုက်ခိုက်ရန် ပြုလုပ်ခြင်းမှာ တစ်ဖက်လူ၏ ပြောဆိုချက်များသာဖြစ်ကြောင်းလည်း စခန်းအတွင်းရေးမှူး စောဆာထုက ဖြည့်စွက်ပြောသည်။

ထို့အပြင် အဆိုပါလူငယ်သည် နေအိမ်မှ ပျောက်ဆုံးသွားသည်မှာ အချိန် (ရက်) ကြာမြင့်လာပြီးဖြစ်၍ ဆာလောင်ခြင်းကြောင့် ယခုလို ခိုးစားရခြင်းဖြစ်နိုင်ကြောင်းနှင့် ပစ္စည်းခိုးယူသည်ဟု အိမ်ရှင်များမှ စွပ်စွဲပြောဆိုရာတွင်လည်း ၎င်းလူငယ်လေးသည် ထမင်းဝင်ခိုးစားသည့်အပြင် အဝတ်အစားနှင့် ငွေကြေးကိုပါ ခိုးယူခဲ့ကြောင်း၊ ထိုသို့ ခိုးယူခဲ့သည်များကို သွားရောက်ပြသခိုင်းရာမှ ဓားယူပြီးတိုက်ခိုက်ရန် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု အိမ်ရှင်ဘက်က စွပ်စွဲပြောဆိုထားသည်ဟု စခန်းတာဝန်ရှိသူများထံမှ သိရသည်။

လတ်တလောတွင် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အခင်းဖြစ်ပွားမှုကို သက်ဆိုင်ရာ စခန်းတာဝန်ရှိသူများနှင့် နယ်မြေခံ ရဲစခန်းမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့ရာတွင် သက်ဆိုင်ရာရဲများက ရာဇဝတ်မှုဟု ယူဆသောကြောင့် မှုခင်းရဲတာဝန်ရှိသူများကိုပါ ထပ်မံခေါ်ယူခဲ့စစ်ဆေးခဲ့ပြီးနောက် ရုပ်အလောင်းကို ဖုတ်ဖရမြို့ဆေးရုံသို့ သယ်ယူသွားကြောင်းလည်း စခန်းတာဝန်ရှိသူများက ဆိုသည်။

အုန်းဖျန်ဒုက္ခသည်စခန်းတွင်း နေထိုင်သူ ဒုက္ခသည်အများစုသည် စခန်းတွင်း အလုပ်အကိုင်မရှိခြင်းကြောင့် စခန်းပြင်ထွက်၍ အဆိုပါမြောင်ရွာကြီးသို့ နေ့စားအလုပ် သွားရောက်လုပ်ကိုင်လေ့ရှိကြကြောင်း သိရသည်။

January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...
January 6, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ...
January 5, 2026
ပြီးခဲ့သည့် ဇန်နဝါရီလ(၁)ရက်နေ့တွင် ကရင်နယ်ခြားစောင့်တပ်-BGF မှ ကရင်အမျိုးသားတပ်မတော်-KNA အဖြစ်...