တပ်မဟာမှူးဈာပနနေ့တွင် KNU မြို့နယ်ရုံးကို စစ်ကောင်စီတပ် ဝင်ရောက်တိုက်ခိုက်သိမ်းယူ

တပ်မဟာမှူးဈာပနနေ့တွင် KNU မြို့နယ်ရုံးကို စစ်ကောင်စီတပ် ဝင်ရောက်တိုက်ခိုက်သိမ်းယူ

ကွယ်လွန်သွားသည့် KNLA တပ်မဟာ (၁) တပ်မဟာမှူး ဗိုလ်မှူးချုပ်စောပလေ့ ဈာပနပြုလုပ်သည့်နေ့ ဩဂုတ်လ (၁၁) ရက်နေ့တွင် KNU-ကရင်အမျိုးသားအစည်းအရုံး၊ သထုံခရိုင်၏ မော်စကိုမြို့နယ်ရုံးကို စစ်ကောင်စီတပ်မှ ဝင်ရောက်တိုက်ခိုက်သိမ်းယူသွားသည်ဟု KNU ဘက်က ပြောသည်။

အဆိုပါ မော်စကိုမြို့နယ်ရုံးသည် ပေါင်မြို့နယ်၊ သဲအိမ်ရွာနှင့် ကတိုက်ရွာကြားတွင်ရှိပြီး ရုံးတွင်ရှိသည့် ရဲဘော်အချို့မှ ၎င်းတို့၏ တပ်မဟာမှူးဈာပန သွားရောက်နေချိန်တွင် စစ်ကောင်စီတပ်မှ ရုံးကို ဝင်ရောက်တိုက်ခိုက်သိမ်းယူသွားကာ ရုံးတွင်ကျန်ရှိသူ ၃ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောစိုးမြင့်က ယခုလိုပြောသည်။

၎င်းက “အဲဒီမှာက တပ်ရင်းရယ်လို့မဟုတ်ဘူး။ တပ်မဟာက ချထားတာ။ မြို့နယ်ရဲ့နေရာပေါ့။ အဲမှာ တာဝန်ခံတစ်ယောက်နဲ့ ရဲဘော်တချို့ရှိတာပေါ့။ အများကြီးတော့မရှိဘူး။ တချို့က တပ်မဟာမှူး ဈာပနသွားတာရှိတယ်လို့ပြောတယ်။ အဲဒီစခန်းမှာကျန်ရှိတဲ့လူ ၃ ယောက်ကို ဖမ်းသွားလိုက်ပြီး အခုနေရာကို သူတို့သိမ်းထားလိုက်တာပေါ့” ဟု ကေအိုင်စီသို့ ပြောသည်။

KNU သထုံခရိုင်အတွင်းရှိ မော်စကိုမြို့နယ်သည် ဖြတ်လေးဖြတ်ခေတ်ကတည်းက အခြေအနေအမျိုးမျိုးကြောင့် မြန်မာအစိုးရ အုပ်ချုပ်ခဲ့မှုကို KNU ဘက်မှ နောက်ဆုတ်ပေးခဲ့လိုက်ရသော်လည်း ဒေသအတွင်းရှိ အဖွဲ့ဝင်များမှာ သွားလာလှုပ်ရှားနေမြဲရှိသည်။

၂၀၁၅ ခုနှစ်တွင် KNU က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်-NCA ကို လက်မှတ်ထိုးပြီးခဲ့သည့်နောက်ပိုင်းတွင် ပြန်လည်ထူထောင်လာသည့် မြို့နယ်တစ်ခုလည်းဖြစ်သည်ဟု ပဒိုစောစိုးမြင့်က ထပ်မံပြောဆိုသည်။

၎င်းမြို့နယ်ရုံးကို စစ်ကောင်စီတပ်မှ ဝင်ရောက်သိမ်းယူသွားသည်မှာ ဟုတ်မှန်ကြောင်း၊ စစ်ကောင်စီက ကား (၄) စီးနှင့် ဩဂုတ်လ (၁၁) ရက်နေ့ ညနေပိုင်းတွင် ဝင်ရောက်တိုက်ခိုက်သိမ်းယူသွားခြင်းဖြစ်ကြောင်းလည်း ဒေသခံများထံမှ သိရသည်။

KNU မော်စကိုမြို့နယ်ရုံး တာဝန်ခံဖြစ်သူ ပဒိုစောဂေါ်ခို့မှာလည်း ဇူလိုင်လ ၂၆ ရက်နေ့က ကိုဗစ်ရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီး ရက်သတ္တ ၂ ပတ်ကျော်အကြာ ဩဂုတ်လ (၁၀) ရက်နေ့တွင် တပ်မဟာ (၁) မှူး ဗိုလ်မှူးချုပ်စောပလေ့မှာလည်း ထပ်မံ ကွယ်လွန်သွားခဲ့ရာ တပ်မဟာမှူး ဈာပနပြုလုပ်သည့်နေ့တွင် စစ်ကောင်စီတပ်မှ ယင်းသို့ ဝင်ရောက်တိုက်ခိုက်သွားခြင်းဖြစ်သည်။

ယခုအချိန်တွင် KNU သထုံခရိုင်၊ တပ်မဟာ (၁) နယ်မြေအတွင်းရှိ သထုံမြို့နယ်၊ ဘီးလင်းမြို့နယ်၊ ကျိုက်ထိုမြို့နယ်နှင့် ဖားအံမြို့နယ်များတွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းတပ်ဖွဲ့တို့ အင်အားတိုးချဲ့ကာ စစ်ရေးလှုပ်ရှားမှု ပိုမိုလုပ်ဆောင်လာကြောင်း မျက်မြင်သက်သေများက ပြောဆိုသည်။

ထို့အပြင် နယ်မြေခံ အမျိုးသမီးများနှင့် ဒေသခံများကိုလည်း လူသားဒိုင်းသဖွယ် အကာအကွယ်အဖြစ် အသုံးပြုပြီး ဩဂုတ်လ (၁၁) ရက်နေ့တွင်လည်း ပျဉ်းမပင်ဆိပ်ကျေးရွာရှိ လူနေအိမ်ပေါ်သို့ ဝင်ရောက်မွှေနှောက်ပြီး ပစ္စည်းများကို အဓမ္မယူဆောင်သွားခြင်းများလည်းရှိသည်ဟု KNU ဘက်မှ ပြောသည်။

စစ်ကောင်စီတပ်များသည် မွန်ပြည်နယ်အတွင်းရှိ KNU တပ်မဟာ (၁) နယ်မြေအပြင် ကရင်ပြည်နယ်အတွင်းရှိ KNU တပ်မဟာ (၅) နယ်မြေသို့လည်း ယခုရက်ပိုင်းတွင် စစ်အင်အားအများအပြားဖြင့် သွားရောက်လျှက်ရှိကြောင်းနှင့် တပ်စခန်းတိုးချဲ့လာခြင်းလည်းရှိကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

ဓာတ်ပုံ - KNU (မော်စကိုမြို့နယ်မှူး ဈာပနမှ တပ်ဖွဲ့ဝင်များ)

 
 

 

 

January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...
January 6, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ...
January 5, 2026
ပြီးခဲ့သည့် ဇန်နဝါရီလ(၁)ရက်နေ့တွင် ကရင်နယ်ခြားစောင့်တပ်-BGF မှ ကရင်အမျိုးသားတပ်မတော်-KNA အဖြစ်...