အာဏာသိမ်းတပ် ပစ်ခတ်မှုကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရ

အာဏာသိမ်းတပ် ပစ်ခတ်မှုကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မိုင်းနောင်ကျေးရွာအတွင်းရှိ လူနေရပ်ကွက်များဖက်သို့ အာဏာသိမ်းတပ်မှ သေနတ်သဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရှိသွားကြောင်း သိရသည်။

သြဂုတ်လ ၁၀ ရက်နေ့ ည ၁၀ ခွဲကျော်အချိန်ဝန်းကျင်တွင် ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်း သွားရောက်အခြေချလှုပ်ရှား  အမှတ် (၁၁) ခြေမြန်တပ်ရင်းမှ လက်နက်ကြီးငယ်ဖြင့် မိုင်းနောင်ကျေးရွာအတွင်းသို့ ပစ်ခတ်သဖြင့် ကလေးငယ် ၂ ဦးအပါအဝင် စုစုပေါင်း ၅ ဦး ထိခိုက်ဒဏ်ရာရှိသွားကြောင်း နေအိမ်အချို့လဲ ထိခိုက်ပျက်စီးကြောင်း ကြားသိရသည်။

“ပခုံးကနေ ကျည်ရှပ်ထိတဲ့ တစ်ယောက်ရှိတယ်၊ အမျိုးသမီးတစ်ဦးပါ၊ အခုတော့ ဆေးရုံရောက်သွားပြီ၊ ရွာထဲကို စစ်ကောင်စီက ဗုံးနဲ့ လှမ်းပစ်သေးတယ် ဗုံးက မပေါက်လို့၊ ဗုံးသာပေါက်သွားရင်တော့ ထိခိုက်မှုက ဒီထက်ပိုများလာနိုင်တယ်” ဟု မိုင်းနောင်ကျေးရွာမှ လူငယ်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သားများမှ သေနတ်များဖြင့် ကျေးရွာရပ်ကွက်တွင်းသို့ မဆင်မခြင် ရမ်းသမ်းပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရှိသူများကို မိုးညှင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးပြီး ဆေးကုသမှုများ ခံယူနေကြောင်း သိရသည်။

“ညအချိန်မှာ ပစ်တာပါ၊ ရုတ်တရက်ကြီးဆိုတော့ ထွက်ပြေးတိမ်းရှောင်ချိန်မရနိုင်ဘူးလေ၊ ပြီးတော့ ညကြီးလည်းဖြစ်နေတော့၊ ကလေးငယ်တွေရာ၊ နို့တိုက်မိခင်တွေရော၊ ထိခိုက်သွားတဲ့သူ တော်တော်များတယ်၊ ၅ ဦးကတော့ ထိချက်ပြင်းတယ်လို့ ဆိုရမယ်” ဟု အမည်မဖေါ်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

အကြောင်းရင်းမသိရဘဲ စစ်ကောင်စီတို့၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် မိုင်းနောင်ကျေးရွာ အိမ် ၄ လုံးထိမှန်ကြောင်း၊ သွပ်ခေါင်မိုးများ၊ ထရံနှင့် ပြတင်းပေါက်များ ပေါက်ပြဲသွားကြောင်း သိရသည်။

အမှတ် ၁၁ ခြေမြန်တပ်ရင်း (ခမရ) သည် စစ်ကိုင်းတိုင်းဒေသကြီး ရွာတောင်မြို့အခြေစိုက် အမှတ် ၃၃ တပ်မဌာနချုပ်  လက်အောက်ခံ ရွှေဘိုမြို့တွင်အခြေစိုက်သည့် တပ်ရင်းဖြစ်သည်။

Photo CJ - အာဏာသိမ်းတပ်ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသွားသည့်မိုးညှင်းမြို့နယ် မိုင်းနောင်ရွာသူတဉီး

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...