ကျောက်ကြီး-မုန်းလမ်းမပေါ်တွင် ဝါးတားဂိတ်များကို ဖြုတ်ပေးရန် ဒေသခံလူထု တောင်းဆို

ကျောက်ကြီး-မုန်းလမ်းမပေါ်တွင် ဝါးတားဂိတ်များကို ဖြုတ်ပေးရန် ဒေသခံလူထု တောင်းဆို

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ညောင်လေးပင်ခရိုင်ရှိ ကျောက်ကြီးနှင့် မုန်းသို့သွားရာ ကားလမ်းမပေါ်တွင် ပြည်သူ့စစ်အဖွဲ့ ဝါးတားဂိတ်ချပြီးထားခြင်းနှင့်ပတ်သက်၍ ပြည်သူလူထုများ သွားလာရေး အနှောက်အယှက်ဖြစ်သည့်အတွက် ဂိတ်ဖြုတ်ပေးရန် ဒေသအတွင်းရှိ လူမှုရေးရာအဖွဲ့မှ ဩဂုတ်လ (၁၀) ရက်နေ့စွဲနှင့် သဘောထားကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်သည်။

ကျောက်ကြီးနှင့် မုန်းကားလမ်းမပေါ်ရှိ ကျွန်းပင်ဆိပ်နှင့် အောင်းလောင်းစိန်နေရာ နှစ်ခုတွင် ပြည်သူ့စစ်တပ်မှ ဝါးတားဂိတ်များချထားပြီး သွားလာနေသည့် ဆိုင်ကယ်များကို မစီးစေဘဲ လမ်းလျှောက်တွန်းခိုင်းခြင်းများကြောင့် လွတ်လပ်စွာ မသွားလာနိုင်သည့်အတွက် ဂိတ်ဖြုတ်ပေးရန် ဒေသခံများ တောင်းဆိုရခြင်းဖြစ်ကြောင်း လူမှုရေးရာအဖွဲ့ဝင်က ယခုလိုပြောသည်။

“ဝါးတားဂိတ်ရောက်ရင် ဆိုင်ကယ်တွန်းဆင်းရတယ်။ တချို့က ပစ္စည်းတွေနဲ့သယ်ရတော့ တော်တော်အနှောက်အယှက်ဖြစ်တယ်။ အရင်က ဒီဝါးတားဂိတ်မရှိဘူး။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ ဝါးတားဂိတ်ပြန်လုပ်တာ။ ကိုဗစ်အကြောင်းပြုပြီး ဆိုင်ကယ်တွန်းဆင်းခိုင်းတာက ဘာမှမဆိုင်ဘူးလေ။ ဂိတ်မှာ ကိုဗစ်စစ်တာ တစ်ခုမှမရှိဘူးလေ။ လူထုတွေတောင်းဆိုလို့ ကျနော်တို့က လူထုနဲ့အတူစာထုတ်ပြီး တောင်းဆိုတာဖြစ်တယ်” ဟု လူမှုရေးရာအဖွဲ့ဝင်တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ပြည်သူ့စစ်တပ်မှ ဝါးတားဂိတ်ချထားသည့်နေရာသည် ကေအဲန်ယူက ရောနှောအုပ်ချုပ်သည့် နေရာဖြစ်သည့်အတွက် ဒေသအတွင်း တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသည့် လုပ်ဆောင်မှုများကို ပြည်သူနှင့်အတူ လုံးဝ မလိုလားကြောင်း ထုတ်ပြန်ထားသည်။

ကျွန်းပင်ဆိပ်နှင့် အောင်းလောင်းစိန်ရွာတွင် ပြည်သူ့စစ်က စခန်းချထားသည်မှာကြာပြီဖြစ်သော်လည်း ၂၀၁၀ ခုနှစ် နောက်ပိုင်းမှစ၍ ယင်းဂိတ်များ မရှိတော့သော်လည်း ယခုတစ်ဖန် စစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်းမှသာ ဝါးတားဂိတ် ပြန်လည်ဖွင့်လှစ်ထားခြင်းဖြစ်သည်ဟု ဒေသခံထံမှ သိရသည်။

ကျောက်ကြီးမြို့အဝင်ရှိ စစ်ကောင်စီတပ်စခန်းရှေ့တွင်လည်း စစ်တပ်အာဏာသိမ်းယူသည့် နောက်ပိုင်းတွင် အလားတူ ဝါးတားဂိတ်မျိုးဖြင့် တစ်လကျော်ကြာ ဂိတ်ချထားပြီးနောက် ပြန်လည်ဖြုတ်လိုက်ခြင်းလည်းရှိသည်ဟု ဒေသခံထံမှ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ (၁) ရက်နေ့ကလည်း ကျောက်ကြီးမြို့နယ် ဘောမူတံတားပေါ်တွင် စစ်ကောင်စီ၏ ခလရ (၆၀) မှ ဂိတ်ချထားပြီး ဒေသခံများ၏ သွားလာမှုများကို တားမြစ်ခြင်းလည်းရှိခဲ့ဖူးသည်ဟု ဒေသခံထံမှ သိရသည်။

ထို့အပြင် ကျောက်ကြီးမြို့နယ်အတွင်းရှိ ဒေသခံလူထု ဘိုးဘွားပိုင် သဘာဝအင်းအိုင်အချို့ကိုလည်း စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်မှုရှိသည့် ပြင်ပရှိ လူတစ်စုမှ ဝင်ရောက်လုပ်ကိုင်ရန် ကြိုးပမ်းနေသည့်အပြင် ခွင့်ပြုမပေးသည့် ဒေသခံပြည်သူများကိုပါ ပြန်လည်ခြိမ်းခြောက်ခြင်းလည်းရှိသည်ဟု ဒေသခံများက ပြောဆိုနေကြသည်။

 
 

 

 

January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...
January 6, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ...
January 5, 2026
ပြီးခဲ့သည့် ဇန်နဝါရီလ(၁)ရက်နေ့တွင် ကရင်နယ်ခြားစောင့်တပ်-BGF မှ ကရင်အမျိုးသားတပ်မတော်-KNA အဖြစ်...