KNU-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင် (တပ်မဟာ-၁) ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့ဝင်များသည် ဒေသခံအမျိုးသမီးများကို အကာအကွယ်ယူပြီး သွားလာလှုပ်ရှားနေသည်ဟု KNU သထုံခရိုင်က ပြောသည်။
စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း-ခမရ (၄၀၆) နှင့် BGF-တပ်ရင်းအမှတ် (၁၀၁၃) ပူးပေါင်းတပ်ဖွဲ့သည် ဩဂုတ်လ ၇ ရက်နေ့တွင် ဘီးလင်းမြို့နယ် မြစ်ကျိုးကျေးရွာသို့တက်လာပြီး သုံးရက်ကြာ တပ်စွဲထားပြီးနောက် ယမန်နေ့ ဩဂုတ်လ ၁၀ ရက်နေ့ နံနက်တွင် ကြိုးဝိုင်းကျေးရွာသို့ ဆက်လက်ထွက်ခွာသွားချိန် အကာအကွယ်ရရှိရန် ကျေးရွာအတွင်းရှိ အမျိုးသမီးကြီးများကို လူသားဒိုင်းပုံစံမျိုးဖြင့် ခေါ်ဆောင်သွားခဲ့သည်ဟု သထုံခရိုင် အတွင်းရေးမှူး ပဒိုစောစိုးမြင့်က ကေအိုင်စီသို့ ပြောသည်။
“မြစ်ကျိုးကနေ ကြိုးဝိုင်းကမ်းနားဘက်ကို တက်လာတယ်။ အရင်က လူထုတွေကို မိုင်းကိရိယာအဖြစ် လုပ်တဲ့ပုံစံမျိုးပေါ့။ သူတို့ချီတက်တဲ့အခါ အမျိုးသမီးတွေကို ခေါ်လာတာပေါ့။ သူတို့ရှေ့မှာ လေးငါးဆယ်ယောက်။ အကြားမှာ နှစ်ယောက်သုံးယောက် အဲလိုလုပ်တာပေါ့။ ကျနော်ပြောချင်တာကတော့ သူတို့သွားရင် လွတ်လွတ်လပ်လပ်သွားပေါ့။ အမျိုးသမီးကို အကာအကွယ်ယူပြီး သွားစရာမလိုဘူးလေ။ ရွာသားတွေက လက်နက်မှမရှိတာ။ ဒီလိုလုပ်တာက မကောင်းဘူး။ ဒါက လူ့အခွင့်အရေးချိုးဖောက်တယ်လို့ ပြောလို့ရတယ်” ဟု ပဒိုစောစိုးမြင့်က ပြောသည်။
စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်သည် မြစ်ကျိုးကျေးရွာအတွင်းရှိ သုံးရက်ကြာ တပ်စွဲထားသည့်အချိန်တွင် ကျေးရွာရှိ စာသင်ကျောင်း၌ နေရာယူတပ်စွဲထားသည့်အပြင် ကြိုးဝိုင်းကျေးရွာတွင် ရောက်သည့်အချိန်တွင်လည်း ကျေးရွာအတွင်းရှိ ဘာသာရေးအဆောက်အဦးဖြစ်သည့် ဘုန်းကြီးကျောင်းတွင် နေရာယူတပ်စွဲထားကြောင်း KNU သထုံခရိုင်က ဩဂုတ်လ ၁၀ ရက် သတင်းထုတ်ပြန်ထားသည်။
အမျိုးသမီးများကို လူသားဒိုင်းအဖြစ် အကာအကွယ်ယူပြီး ယခုလိုလုပ်ဆောင်ခြင်းသည် မလုပ်ဆောင်သင့်သည့်ကိစ္စဖြစ်သလို အမျိုးသမီးအခွင့်အရေး ချိုးဖောက်ရာရောက်သည့်အတွက် လက်ခံ၍မရဘဲ ဆန့်ကျင်ရမည့်အရာတစ်ခုဖြစ်ကြောင်း ကရင်အမျိုးသမီးအစည်းအရုံး (KWO) အထွေထွေအတွင်းရေးမှူး နော်ကညောဖောက ပြောသည်။
သူမက “ဒီကိစ္စဟာ အမျိုးသမီးအတွက် စိုးရိမ်စရာကိစ္စဖြစ်တယ်။ စစ်မြေပြင်မှာသွားတဲ့အခါ အကာအကွယ်အနေနဲ့ ရွာသူရွာသားတွေကိုခေါ်တာဟာ လုံးဝမလုပ်သင့်ဘူး။ အမျိုးသမီးဖြစ်ရင် ပိုပြီးတော့တောင် မလုပ်သင့်တာ။ ဒီကိစ္စက လုံးဝ လက်ခံလို့မရဘူး။ ပြန်ပြီး ဆန့်ကျင်ရမှာဖြစ်တယ်။ စစ်ကောင်စီတပ်တွေက အင်တာနက်မရောက်တဲ့နေရာ၊ မီဒီယာလက်လှမ်းမမီတဲ့ နေရာတွေမှာဆိုရင် အမျိုးသမီးတွေကို သူတို့ အမျိုးမျိုးလုပ်ရဲတယ်။ လုပ်ခဲ့တဲ့သာဓကတွေလည်း ရှိခဲ့တယ်” ဟု ကေအိုင်စီသို့ ပြောသည်။
KNU တပ်မဟာ (၁) တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူစာချုပ်-NCA လက်မှတ်မထိုးခင်အချိန်ထိ စစ်ကောင်စီတပ်ဘက်မှ စစ်ရေးလှုပ်ရှားမှု လုပ်ဆောင်နေသည့်အချိန်တွင် ဒေသခံရွာသားများနှင့် အမျိုးသမီးများကို လူသားဒိုင်းသဖွယ် အသုံးပြုပြီး သွားလာလှုပ်ရှားမှု မကြာခဏ လုပ်ဆောင်ခဲ့သည့်အပြင် ကျေးရွာအတွင်းရှိ လူနေအိမ်များတွင် လနှင့်ချီကာ တပ်စွဲနေရာယူထားခြင်းလည်းရှိကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ယခုကာလတွင် ဒေသအတွင်း ကိုဗစ်ကူးစက်မှုမရှိစေရန်အတွက် KNU သထုံခရိုင်ဘက်မှ ၎င်းတို့ အုပ်ချုပ်နယ်မြေတွင် အဝင်/အထွက် ကန့်သတ်ထားခြင်းရှိသော်လည်း စစ်ကောင်စီဘက်မှ စစ်ရေးလှုပ်ရှားမှုလုပ်ဆောင်ပြီး ကျေးရွာအတွင်း ဝင်ထွက်သွားလာနေသည့်အတွက် ဒေသအတွင်း ကိုဗစ်ကူးစက်မှု ရှိလာမည်ကိုလည်း ဒေသခံများက စိုးရိမ်လျက်ရှိသည်။
ထို့အပြင် KNU သထုံခရိုင် ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီဘက်မှ သတင်းအမှောင်ချသည့်ပုံစံဖြင့် MPT နှင့် တယ်လီနော စသည့် ဆက်သွယ်ရေးဖုန်းလိုင်းများအားလုံးကို ပိတ်ထားလျက်ရှိပြီး စစ်တပ်ပိုင် Mytel ဆက်သွယ်ရေး ဖုန်းလိုင်းတစ်ခုသာ အသုံးပြု၍ရကြောင်း ဒေသခံထံမှ သိရသည်။







