စစ်ကောင်စီအုပ်စု ကျောက်မဲ ပြည်သူနေအိမ်ထဲ ဝင်မွှေပြီး ပစ္စည်းများကို ဖျက်ဆီး

စစ်ကောင်စီအုပ်စု ကျောက်မဲ ပြည်သူနေအိမ်ထဲ ဝင်မွှေပြီး ပစ္စည်းများကို ဖျက်ဆီး

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့တွင် စစ်ကောင်စီအုပ်စုသည် ပြည်သူနေအိမ်ထဲသို့ ဝင်ရောက်ရှာဖွေပြီး နေအိမ်ထဲရှိ ပစ္စည်းများကိုပါ ရိုက်ချိုးဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ သြဂုတ် ၈ ရက် ည (၁၁) နာရီဝန်းကျင်တွင် ကျောက်မဲမြို့ ရပ်ကွက် (၇) ရှိ နေအိမ်တလုံးအတွင်းသို့ စစ်ကောင်စီအုပ်စုလက်အောက်ခံ ရဲများသည် အင်အားအလုံးအရင်းဖြင့် လာရောက်ရှာဖွေစစ်ဆေးခဲ့ပြီး၊ ထိုအိမ်ထဲတွင် လူတဦးတယောက်မျှ မရှိသဖြင့် ဆိုင်ကယ်တစ်စီးနှင့် နေအိမ်အတွင်းရှိ ပစ္စည်များကို ဖျက်ဆီးခဲ့ကြောင်း ကျောက်မဲမြို့ဒေသခံ အသက် (၄၅) ကျော် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဲ့အိမ်မှာက လူမရှိထားဘူး။ အိမ်ထဲက ပစ္စည်းတွေဝင်ရှာတယ်။ ပြီးတော့ ဆိုင်ကယ်တစ်စီးကိုလည်း ဖျက်ဆီးလိုက်တယ်။ နေအိမ်ထဲဝင်ရှာပြီးတော့ ပစ္စည်းတချို့ကိုလည်း ဖွသွားတယ်” ဟု ၎င်းအမျိုးသားက ဆိုသည်။

ထိုနေအိမ်တွင် လွန်ခဲ့သည့် သြဂုတ် ၆ ရက်တွင် စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ၅၀၅ ဖြင့် အမှုဖွင့်ခံထားရသည့် လူငယ်ကို သွားရှာဖွေခဲ့သည့် အိမ်လည်းဖြစ်သည်။

ထိုနေ့တွင် ၅၀၅ က ဖြင့် အမှုဖွင့်ခံထားရသည့် လူငယ်ကို မတွေ့ရှိခဲ့သဖြင့် နေအိမ်တွင် ကျန်ရှိနေသည့် အသက် (၂၂) အရွယ်ရှိ လူငယ်တဦးကို ဖမ်းဆီးသွားပြီး ရိုက်နှက်စစ်ဆေးရာတွင် ခြေထောက်ကျိုးသွားခဲ့ကြောင်း ကျောက်မဲဒေသခံများ ပြောပြချက်အရ သိရသည်။

ကျောက်မဲမြို့တွင် စစ်ကောင်စီများက မြို့တွင်းအရပ်ဝတ်ဖြင့် လှည့်လည်နေပြီး စစ်အာဏာရှင်ဆန့်ကျင်သူများကို ညအချိန်တွင် ဝင်ရောက်ဖမ်းဆီးရိုက်နှက်လေ့ရှိကြောင်း သိရသည်။

“ကျနော်တို့မြို့မှာက အရပ်ဝတ်တွေနဲ့ သွားလာတာများတယ်။ သူတို့စောင့်ကြည့်နေတာ။ သူတို့ရဲ့ အာဏာရှင်ကို ဆန့်ကျင်တဲ့သူတွေ၊ PDF လို့ထင်ရတဲ့သူတွေကို လိုက်ရှာပြီး ဖမ်းယူဖို့လုပ်နေကြတာ” ဟု အမည်မဖော်လိုသည့် ကျောက်မဲမြို့ဒေသခံ လူငယ်တဦးက ပြောသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း ကျောက်မဲမြို့တွင် စစ်ကောင်စီမှ ဖမ်းဆီးထားသူ စုစုပေါင်း ၂၀ ကျော်ရှိပြီး ၎င်းတို့ကို မိသားစုဝင်များနှင့် အဆက်သွယ်ဖြတ်တောက်ထားကာ မည်သည်နေရာတွင် ဖမ်းဆီးထားကြောင်းလည်း မသိရှိရကြောင်း သိရသည်။

May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...