စားဝတ်နေရေးခက်ခဲလာသည့် လူထုများကို KNU ဝင်းရေးမြို့နယ်မှ ဆန်ရိက္ခာထောက်ပံ့ပေး

စားဝတ်နေရေးခက်ခဲလာသည့် လူထုများကို KNU ဝင်းရေးမြို့နယ်မှ ဆန်ရိက္ခာထောက်ပံ့ပေး

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ရေကြီးနစ်မြှုပ်မှုနှင့် ရောဂါကပ်ဘေးများကြောင့် စားဝတ်နေရေးခက်ခဲလာသည့် လူထုများကို KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ် တာဝန်ရှိသူများက ဩဂုတ်လ ၇ ရက်နေ့တွင် ဆန်နှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးလျက်ရှိသည်ဟု တာဝန်ရှိသူများထံမှ သိရသည်။

ရေဘေး၊ ရောဂါဘေးနှင့် နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ပြည်သူများ အလုပ်အကိုင်နှင့် စားဝတ်နေရေး ခက်ခဲလာပြီး ဒေသအတွင်းတွင်လည်း လတ်တလောရေကြီးမှုကြောင့် လယ်ယာများ စိုက်ပျိုး၍မရသေးအတွက် စားဝတ်နေရေးခက်ခဲကြသူများ အဆင်ပြေစေရန် ရည်ရွယ်ထောက်ပံ့ပေးခြင်းဖြစ်သည်ဟု KNU ဝင်းရေး မြို့နယ်တာဝန်ရှိသူက ကေအိုင်စီသို့ ယခုလိုပြောသည်။

“လူထုတွေ စားဝတ်နေရေးခက်ခဲတဲ့အချိန်မှာ ကျနော်တို့ KNU အနေနဲ့ တတ်နိုင်သလောက် ဆန်တွေ အခြေခံစားသောက်ကုန်တွေ ထောက်ပံ့ပေးတာပေါ့နော်။ အခက်အခဲဖြစ်နေတဲ့ လူထုတွေအားလုံးကို ကူညီစေချင်တယ်။ ရေဘေး ရောဂါဘေးနဲ့ နိုင်ငံရေးမတည်ငြိမ်မှုဖြစ်တဲ့အခါမှာ သူတို့တွေ ခက်ခဲနေကြတယ်ဆိုတာ သိပါတယ်။ ဆက်ပြီးကူညီနိုင်ဖို့ ဆောင်ရွက်သွားမယ်” ဟု KNU ဝင်းရေးမြို့နယ် အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ စောကျော်ဟိန်းက ဩဂုတ် ၇ ရက်နေ့ ကေအိုင်စီသို့ပြောသည်။

ဝင်းမြို့နယ်အနေဖြင့် မြိုင်သာယာကျေးရွာတွင် ဆန်နှင့်အခြေခံစားသောက်ကုန်များ ကား ၂ စီးစာ သွားရောက်ထောက်ပံ့ကြပြီး ပြည်ပရောက် မြို့နယ် KYO လူငယ်အဖွဲ့အနေဖြင့်လည်း ကျပ်သိန်း ၃ဝဝ နီးပါးရှိ အခြေခံစားသောက်ကုန်များကို စစ်ဘေးရှောင်နေရသည့်နေရာများနှင့် အခြေခံလူထုများထံတွင် ထောက်ပံ့ကူညီခဲ့သည်ဟု KNU ဝင်းရေးမြို့နယ် တာဝန်ရှိသူများထံမှ သိရသည်။

မြိုင်သာယာကျေးရွာနေ စောအဲမီက “ကျနော်တို့မှာ တစ်နေ့လုပ်တစ်နေ့စားသူတွေ များတယ်။ ရောဂါကာလမှာ အလုပ်တွေလည်း မငှားကြတော့ စားဝတ်နေရေးတွေလည်း ခက်ခဲတယ်။ တောင်ယာ လယ်လုပ်တော့လည်း ရေကကြီးနေတော့ ခုထိစိုက်ပျိုးလို့ မရသေးဘူးပေါ့နော်။ ခုလို KNU က ဆန်လာလှူပေးတော့ ကျေးဇူးအများကြီးတင်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ရေကြီးနစ်မြှုပ်မှုကြောင့် လယ်စိုက်ဧကများ ထိခိုက်ပျက်စီးကြပြီး ရောဂါဘေးကြောင့် အလုပ်အကိုင်နှင့် သွားလာမှုကန့်သတ်ထားသည့်အတွက် အခြေခံလူထုအများစုမှာ စားဝတ်နေရေး ခက်ခဲလာကြသည်ဟု ကျေးရွာတာဝန်ရှိများထံမှ သိရသည်။

January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...
January 6, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ...
January 5, 2026
ပြီးခဲ့သည့် ဇန်နဝါရီလ(၁)ရက်နေ့တွင် ကရင်နယ်ခြားစောင့်တပ်-BGF မှ ကရင်အမျိုးသားတပ်မတော်-KNA အဖြစ်...