အာဆီယံ အထူးကိုယ်စားလှယ်၏ ကြားဝင်ဖြေရှင်းမှု လက်တွေ့ကျရန် ပူးပေါင်းဆောင်ရွက်သွားမည်ဟု PPST ပြော

အာဆီယံ အထူးကိုယ်စားလှယ်၏ ကြားဝင်ဖြေရှင်းမှု လက်တွေ့ကျရန် ပူးပေါင်းဆောင်ရွက်သွားမည်ဟု PPST ပြော

မြန်မာ့နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းရန် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်လိုက်ခြင်းအပေါ် ကြိုဆိုပြီး လက်တွေ့ကျသည့် ကြားဝင်ဖြေရှင်းမှုဖြစ်ပေါ်စေရေး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း NCA အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ (PPST) က ယမန်နေ့ရက်စွဲဖြင့် အစည်းအဝေးပြီး သဘောထားထုတ်ပြန်ကြေညာ ပြောဆိုခဲ့သည်။

ယမန်နေ့က ပြုလုပ်ပြီးစီးခဲ့သည့် PPST ၏ အစည်းအဝေးပြီးထုတ်ပြန်ချက်တွင် အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးထိပ်သီးအစည်းအဝေးမှ ချမှတ်ခဲ့သည့် ဘုံသဘောတူညီချက် (၅) ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ဘရူနိုင်းနိုင်ငံ၏ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Yusof အား အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်လိုက်ခြင်းအပေါ် ကြိုဆိုခဲ့ပြီး နိုင်ငံတကာ၏ ကြားဝင်ဖြေရှင်းမှုအပေါ် မြန်မာနိုင်ငံ၏ ပကတိနိုင်ငံရေးအခြေအနေနှင့် လိုက်လျောညီထွေစေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ဖော်ပြထားခြင်းဖြစ်သည်။

အဖွဲ့၏ ပြောခွင့်ရ ခွန်မြင့်ထွန်းက “အာဆီယံ၏ ထုတ်ပြန်ကြေညာချက် (၅) ချက်ရှိတယ်။ ဒီ ၅ ချက်မှာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်မြင့်အပါအဝင် ဒီနွေဦးတော်လှန်ရေးတစ်လျှောက်မှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့သူတွေကို လွှတ်ပေးဖို့ဆိုတာမျိုးတွေက မပါခဲ့ဘူး။ အဲ့ဒါကြောင့် ကျနော်တို့အနေနဲ့ ဒီ အာဆီယံကိုယ်စားလှယ်ကို ကြိုဆိုတယ်။ သို့သော် ဒီလို နိုင်ငံတကာ ကြားဝင်စေ့စပ်ဆောင်ရွက်မှုတွေက တိုင်းပြည်ရဲ့ လက်တွေ့အခြေအနေနဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီဖို့တော့ ပူးပေါင်းဆောင်ရွက်ပေးမယ်လို့ ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်ပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ယခုလို ကြားဝင်စေ့စပ်မှုမျိုးနှင့် အာဆီယံ၏ ထိပ်သီးညီလာခံ၏ ဘုံသဘောတူညီချက် (၅) ချက်သည် တိုင်းပြည်၏ ပြဿနာအလုံးစုံကို ဖြေရှင်းပေးနိုင်မည်ဟု မယုံကြည်ထားသော်လည်း ၎င်းကြားဝင် စေ့စပ်ဆွေးနွေးပေးမှုများအပေါ် အကျိုးရှိရန်မျှော်လင့်ကြောင်းလည်း ခွန်မြင့်ထွန်းက ဆက်ပြောသည်။

ယခုအသစ်ခန့်အပ်လိုက်သည့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်အနေဖြင့် ယခင်ချမှတ်ဆုံးဖြတ်ထားသည့် အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ပြီး ၎င်း (၅) ချက်တွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်ရန်၊ မြန်မာပြည်သူများ၏ အကျိုးအတွက် ငြိမ်းချမ်းသည့်နည်းဖြင့် အဖြေရှာရေးအတွက် သက်ဆိုင်ရာအင်အားစု အဖွဲ့အစည်းအားလုံးနှင့် အပြုသဘော တွေ့ဆုံဆွေးနွေးရန်၊ ၎င်းဆွေးနွေးမှုများ ဖြစ်ပေါ်ရေးအတွက် အာဆီယံအသင်းဥက္ကဋ္ဌ၏ အထူးသံတမန်မှ ကြားဝင်ကူညီပေးရန်၊ လူသားချင်းစာနာမှု အကူအညီများကို အာဆီယံမှပေးရန်နှင့် အာဆီယံအသင်း၏ အထူးသံတမန်နှင့် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကိုလာပြီး မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများတွင် သက်ဆိုင်သည့် အင်အားစု အဖွဲ့အစည်းအားလုံးနှင့် တွေ့ဆုံရန်တို့ ပါဝင်သည်။

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် နိုင်ငံရေးအကြပ်အတည်းများ ပေါ်ပေါက်မှုကို ကူညီဖြေရှင်းပေးရန် အာဆီယံက ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် အထူးကိုယ်စားလှယ် ခန့်အပ်တာဝန်ပေးလိုက်သည့်အပေါ်မှာ အမေရိကန်၊ ဥရောပသမဂ္ဂ (EU) နဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ဒေသတွင်းနိုင်ငံများကပါ အသီးသီးကြိုဆိုခဲ့ကြပြီး လက်တွေ့ ကျကျ ပူးပေါင်းဆောင်ရွက်ရန် မြန်မာစစ်ကောင်စီကိုလည်း တိုက်တွန်းထားကြသည်။

သို့သော် ယခင် ဧပြီလကတည်းက ချမှတ်ဆုံးဖြတ်ခဲ့သည့် အာဆီယံ ဘုံသဘောတူညီ (၅) ချက်ကို လက်တွေ့လိုက်နာဆောင်ရွက်ရန် မြန်မာစစ်ကောင်စီဘက်မှ ယနေ့အချိန်ထိ ပျက်ကွက်ခဲ့ပြီး ၎င်းအပေါ် အာဆီယံနိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းဘက်မှ ပြစ်တင်ဝေဖန် ရှုတ်ချမှုများရှိခဲ့သော်လည်း ယခုခန့်အပ်လိုက်သည့် ကိုယ်စားလှယ်အပေါ် စစ်ကောင်စီဘက်မှလည်း လက်ခံကြိုဆိုကြောင်း ပြောဆိုခဲ့သည်။

၂ ရက်တာ ပြုလုပ်ကျင်းပခဲ့သည့် PPST အစည်းအဝေးပွဲတွင် လက်ရှိ မြန်မာနိုင်ငံတွင် ရင်ဆိုင်နေရသည့် နိုင်ငံရေး၊ လူမှုရေးနှင့် အထွေထွေအကြပ်အတည်းများကို ဆွေးနွေးခဲ့ကြပြီး အာဆီယံ အထူးကိုယ်စားလှယ်ကို ကြိုဆိုခဲ့သည့်အပြင် စစ်ကောင်စီဘက်မှ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို တစ်ဖက်သတ်ဖျက်သိမ်းခဲ့ခြင်းအပေါ်လည်း ပြစ်တင်ဝေဖန်ခဲ့သည်။

လတ်တလော မြန်မာ့နိုင်ငံရေးအကြပ်အတည်းများကို လက်တွေ့ဖြေရှင်းရန် အာဆီယံ၏ ဘုံသဘောတူညီချက် (၅) ချက်အပြင် လက်ရှိ ဖမ်းဆီးထိန်းသိမ်းထားသူများကို အမြန်ဆုံးလွှတ်ပေးရန်လိုအပ်ပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ် ဖျက်သိမ်းမှုမျိုး လုပ်ဆောင်ချက်များသည် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းမှုကို အဟန့်အတားဖြစ်စေသည့် လုပ်ရပ်မျိုးဖြစ်နေပြီး နိုင်ငံတကာသံတမန်များ၏ ကြားဝင်စေ့စပ်ဖြေရှင်းပေးမှုကိုလည်း များစွာ အဟန့်အတားဖြစ်စေမည်ဟု PPST ၏ ပြောခွင့်ရ ခွန်မြင့်ထွန်းက ပြောသည်။

ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ကုသရေးနှင့် ကာကွယ်ဆေးရရှိရေးအတွက်နှင့်ပတ်သက်ပြီး တိုင်းရင်းသားပြည်သူများအားလုံးအတွက် နိုင်ငံတကာအကူအညီများ အမြန်ဆုံးရရှိရန်နှင့် ပြည်သူလူထု လက်ဝယ်အမြန်ဆုံးရရှိစေရန် နယ်စပ်ဖြတ်ကျော် သယ်ဆောင်နိုင်ရေးအပါအဝင် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်နေကြောင်းလည်း PPST ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

PPST ကို တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (၁၀) ဖွဲ့မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် နိုင်ငံရေးဆွေးနွေးပွဲများ ညှိနှိုင်းဆွေးနွေးရန်အတွက် ထိပ်ပိုင်းခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်။

 
 

 

 

January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...
January 6, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ...
January 5, 2026
ပြီးခဲ့သည့် ဇန်နဝါရီလ(၁)ရက်နေ့တွင် ကရင်နယ်ခြားစောင့်တပ်-BGF မှ ကရင်အမျိုးသားတပ်မတော်-KNA အဖြစ်...