တိုင်းရင်းသား အဖွဲ့အားလုံးဖြင့် NCA ကို လက်မှတ်ထိုးသင့်ဟု UWSP ပြောခွင့်ရသူဆို

တိုင်းရင်းသား အဖွဲ့အားလုံးဖြင့် NCA ကို လက်မှတ်ထိုးသင့်ဟု UWSP ပြောခွင့်ရသူဆို
by -
မဇ္ဈိမ
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးဖြင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် (NCA) ကို လက်မှတ်ရေးထိုးသင့်သည်ဟု "ဝ" သွေးစည်းညီညွတ်ရေးပါတီ (UWSP) မှ ပြောခွင့်ရသူ ဦးအောင်မြင့်က ဇွန်လ ၉ ရက်တွင် မဇ္စျိမကို ပြောသည်။

“တစ်နိုင်ငံလုံး အပစ်ရပ်ဖို့ဆိုတာ တစ်ခါတည်း ဖြေရှင်းဖို့ ဖြစ်တယ်၊ ပန်ဆန်းတုန်းကလည်း အဲဒီသုံးဖွဲ့ကို မဖိတ်ဖို့ ပြောပေမယ့် ကျွန်တော်တို့က တိုက်ဖို့ မဟုတ်ဘူး။ အောင်မြင်အောင် ဆွေးနွေးနိုင်ဖို့ တိုက်တွန်းမှာလို့ ပြောခဲ့တယ်။ NCCT ထဲက အဖွဲ့တွေပဲ မဟုတ်ဘဲ UNFC က အဖွဲ့တွေလည်း ပါသင့်တာပဲ” ဟု ၎င်းက ဆိုသည်။

၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်တွင် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီထားသည့် "ဝ" သွေးစည်းညီညွတ်ရေးပါတီကမူ NCA ကို လက်မှတ်ရေးထိုးမည် မဟုတ်ဘဲ နိုင်ငံရေး ဆွေးနွေးပွဲများတွင်သာ ပါဝင်သွားမည်ဟု ဦးအောင်မြင့်က ပြောသည်။

ကရင်အမျိုးသား အစည်းအရုံး (KNU) ဌာနချုပ် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ လော်ခီးလာ ဒေသတွင် ဇွန်လ ၂ ရက်မှ ၉ ရက်အထိ ပြုလုပ်ခဲ့သည့် တတိယအကြိမ် တိုင်းရင်းသား ညီလာခံကလည်း NCCT မှ အဖွဲ့ဝင်အားလုံး ပါဝင်မှသာ NCA ကို လက်မှတ်ရေးထိုးမည်ဟု ဆုံးဖြတ်လိုက်သည်။

အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေး ကော်မတီ (UPWC) ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်းကမူ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) မှ ၁၆ ဖွဲ့ဖြင့်သာ NCA ကို လက်မှတ်ရေးထိုးကာ နောက်တိုး အဖွဲ့ဝင်များဖြစ်သည့် ရက္ခိုင့် တပ်မတော် (AA) ၊ တအာင်း လွတ်မြောက်ရေးတပ် (TNLA) နှင့် ကိုးကန့်အဖွဲ့တို့ကို ချန်ထားပြီး နောက်ဆက်တွဲ ဆက်လက်ဆွေးနွေးမည်ဟု ဆိုထားသည်။

အစိုးရက ချန်ထားမည်ဟုဆိုသည့် တိုင်းရင်းသား လက်နက်ကိုင် သုံးဖွဲ့ကလည်း NCA လက်မှတ်ရေးထိုးရာတွင် ၎င်းတို့လည်း ပါဝင်ရန် တောင်းဆိုနေပြီး ပါဝင်နိုင်မှု မရှိပါက လက်ရှိ အဖွဲ့ဝင်အဖြစ် ပါဝင်နေသည့် NCCT ၏ အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ရန် တင်ပြထားကြသည်။

ယင်းအဖွဲ့ ၃ ဖွဲ့အပါအဝင် မြန်မာနိုင်ငံတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၂၂ ဖွဲ့ထိရှိပြီး "ဝ" သွေးစည်းညီညွတ်ရေး ပါတီကမူ လက်နက်ကိုင် တိုင်းရင်းသားများ အားလုံးတွင် လက်နက်နှင့် တပ်ဖွဲ့ဝင် အင်အားအများဆုံးရှိသည့် အဖွဲ့လည်း ဖြစ်သည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...