မီးရထားဝန်ထမ်းများ၏ ပင်စင်နှင့်လစာ နောက်ကျမှရရှိခဲ့ပြီး ဝန်ထမ်းတချို့ လစာမရသေး

မီးရထားဝန်ထမ်းများ၏ ပင်စင်နှင့်လစာ နောက်ကျမှရရှိခဲ့ပြီး ဝန်ထမ်းတချို့ လစာမရသေး

မော်လမြိုင်မြို့နယ်ရှိ မီးရထားဝန်ထမ်းများ၏ လစာနှင့် ပင်စင်လစာများ နောက်ကျမှရရှိခဲ့ပြီး ဝန်ထမ်းတချို့ လစာမရသေးကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၉ ရက်တွင် ပင်စင်လစာအားလုံး ထုတ်ပေးရမည်ဖြစ်သော်လည်း ၃၀ ရက်မှ ထုတ်ပေးခဲ့ပြီး ဝန်ထမ်းလစာများကို ဩဂုတ် ၂ ရက်ထိ နောက်ကျကာ ထုတ်ပေးခဲ့ကြောင်း၊ ဝန်ထမ်းများ၏အလုပ်တက်၊ အလုပ်ပျက်ကွက်စာရင်းကို အချိန်မီပေးပို့ထားသော်လည်း လစာရ နောက်ကျခြင်းကို မေးခွန်းထုတ်စရာဖြစ်လာကြောင်း မီးရထားဝန်ထမ်းတစ်ဦးက ပြောသည်။

"ကျွန်တော်တို့ ဖေဖော်ဝါရီနဲ့ မတ်လ အုပ်ချုပ်မှုယန္တရားကြီး ရပ်တော့မလိုဖြစ်သွားတာတောင်မှ ဝန်ထမ်းလစာကို ပုံမှန်ပေးသွားတယ်။ အခုချိန်မှာ ဘာလို့မပေးနိုင်တာလဲ။ ဒါလည်း စဉ်းစားစရာတချက်ပေါ့နော်။ ထို့အတူပဲ မနေ့ကထိ ရန်ကုန်တို့၊ ပုဂံတို့ဘက်မှာ ဝန်ထမ်းတွေက လစာတွေရော၊ ပင်စင်လစာတွေရော ရတဲ့သူမှရတယ်။ မရတဲ့သူက မရသေးဘူး။ မြန်မာတစ်ပြည်လုံးမှာပဲ" ဟု ၎င်းကပြောသည်။

ကိုယ်တိုင် လစာထုတ်ယူခွင့်ရသော ဝန်ထမ်းများသည် လကုန်ရက်ထက် ၃ ရက်နောက်ကျကာ လစာရရှိခဲ့ပြီး ကြီးကြပ်ရေးမှူးမှတဆင့် လစာထုတ်ယူရသော ဝန်ထမ်းတချို့သည့် ပုံမှန်ထက် လေး၊ ငါးရက်နောက်ကျကာ လစာရရှိမည့် အခြေအနေဖြစ်ခဲ့ကြောင်း ၄င်းက ဆက်ပြောသည်။

အလားတူ ပြီးခဲ့သည့်လကလည်း လစာကို ၁၅ ရက်နောက်ကျကာရရှိခဲ့ပြီး လက်ရှိ ဇူလိုင်လကုန်လစာကို မရရှိသေးကြောင်း မီးရထားဝန်ထမ်း တစ်ဦးက ပြောသည်။

"အရင်ကဆို ၃၁ နဲ့ လကုန်ရင် ၃၀ ရက်လောက်က ပေးတယ်။ အဲလိုမျိုး အလွန်ဆုံး ၃၁ ရက်ဆိုရပြီ ထုတ်လို့ရပြီ။ အခု ဒီရက်ပိုင်းတွေကျတော့ ဒီအခြေအနေမှာက နည်းနည်းပေါ့။ နည်းနည်းမဟုတ်ပါဘူး ၁၅ ရက်လောက်မှ ရတဲ့အခါလည်းရတယ်။ ပြီးခဲ့တဲ့လက CDM ပြန်ဝင်ထားတဲ့ ဝန်ထမ်းတွေ ၁၅ ရက်လောက် နောက်ကျပြီးမှ ရတယ်" ဟု ၎င်းကပြောသည်။

ယခုကဲ့သို့ လစာနောက်ကျမှရရှိမည့် ကိစ္စနှင့်ပတ်သက်ပြီး မည်သည့်အထက်အရာရှိမှ ကြိုတင်အသိပေးခြင်း၊ ဖြေရှင်းပေးခြင်း မရှိသေးကြောင်း သိရသည်။

လက်ရှိ အိမ်စောင့်အစိုးရအနေဖြင့် မီးရထားဝန်ထမ်းများ၏ လစာနှင့် ပင်စင်လစာ ‌နောက်ကျခြင်း၊ မရရှိသေးခြင်းကိစ္စရပ်များကို လုပ်ငန်းကျွမ်းကျင်သူများ‌စေလွှတ်ကာ ထဲထဲဝင်ဝင် သေသေချာချာ ဝင်ရောက်စစ်ဆေးစေလိုကြောင်း အဆိုပါဝန်ထမ်းများက အကြံပြုခဲ့သည်။

March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...