ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ယခုလဆန်း ၁ ရက်နေ့မှစ၍ အိမ်စောင့်အစိုးရအဖြစ် အသွင်ပြောင်းလိုက်ခြင်းမှာ ၎င်းတို့၏ အာဏာတည်မြဲရေးအတွက်သာဖြစ်ကြောင်း KNU-ကရင်အမျိုးသားအစည်းအရုံးက သဘောထားမှတ်ချက်ပေး ပြောဆိုသည်။
အာဏာသိမ်းပြီး ၆ လကြာပြီးနောက် စစ်ကောင်စီမှ အိမ်စောင့်အစိုးရအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ခြင်းမှာ နိုင်ငံတကာ၏ အသိအမှတ်ပြုမှု ရရှိရေးနှင့် ၎င်းတို့၏ အာဏာသိမ်းယူထားမှုကို ဆက်လက်တည်မြဲစေရန် ကြိုးပမ်းမှုသာဖြစ်ကြောင်း KNU ဒု-ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ယခုလိုပြောသည်။
“အိမ်စောင့်အစိုးရအနေနဲ့ ဖွဲ့စည်းလည်း ဒီလူတွေပဲလေ။ အခုက ၆ လပြည့်တော့ ကမ္ဘာကို သူတို့ကိုသူတို့ အုပ်ချုပ်ရေးအစိုးရအနေနဲ့ ဖော်ပြချင်တာရယ်၊ နောက်တစ်ခုက မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာကို သူတို့ အုပ်ချုပ်နိုင်တယ်ဆိုတဲ့ ပုံစံမျိုးပြချင်တာကြောင့် နိုင်ငံတကာအသိအမှတ်ပြုမှုကို ကြိုးပမ်းတဲ့သဘောပါပဲ။ KNU ရဲ့ သဘောထားကတော့ အရင်အတိုင်းပါပဲ။ ဘာမှပြောင်းလဲမှာမဟုတ်ပါဘူး။ သူတို့ ဘယ်လိုပဲလုပ်လုပ် သူတို့ အာဏာတည်မြဲဖို့အတွက်ပဲ လုပ်တာပါ” ဟု ကေအိုင်စီသို့ ပြောသည်။
အိမ်စောင့်အစိုးရအဖြစ် ဖွဲ့စည်းကြောင်း ဩဂုတ်လ ၁ ရက်နေ့က ကြေညာပြီးသည့်နောက် စစ်ကောင်စီ၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဝန်ကြီးချုပ်အနေဖြင့် တာဝန်ယူဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ကြေညာထားသည်။
ဩဂုတ်လ ၁ ရက်နေ့က ပြောဆိုခဲ့သည့် အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ ပြောစကားတွင်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး အနည်းကျဉ်းပြောဆိုခဲ့ပြီး ယခင်ထိုးပြီးသား NCA စာချုပ်အတိုင်း ခိုင်မာစွာ ဆက်လက်ရပ်တည်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို အာမခံကြောင်း ထည့်သွင်းပြောဆိုခဲ့ခြင်းနှင့်ပတ်သက်ပြီး ပဒိုကွယ်ထူးဝင်းက ယခုလို မှတ်ချက်ပြုပြောဆိုသည်။
“သူတို့နဲ့ အပစ်ရပ်စာချုပ်အတိုင်း သွားခဲ့ဖူးပြီးပြီ။ အခုက သူ့ရဲ့စကားထဲမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ဖွဲ့စည်းတည်ထောင်ဖို့ အများကြီး ပြောသွားတာမရှိဘူး။ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းတည်ထောင်သွားမယ်ဆိုတဲ့ အချက်အလက် အသေအချာတစ်ခုမှ ပြောမသွားဘူး။ ကျနော်တို့မြင်တာက အရင်ပုံစံအတိုင်းပဲ။ သူတို့က အာဏာကို မက်မောတဲ့သူတွေပဲ။ သူတို့အာဏာရဖို့အတွက် သူတို့လက်ထဲမှာ အာဏာတည်မြဲဖို့အတွက်က ဘယ်နည်းလမ်းမဆို သူတို့ကြိုးပမ်းမှာပဲ” ဟု ပဒိုစောကွယ်ထူးဝင်းက ပြောသည်။
ထို့အပြင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို ငြိမ်းချမ်းစွာ တည်ဆောက်ရမည်ဖြစ်ကြောင်းနှင့် အကြမ်းဖက်အဖွဲ့အစည်းအနေဖြင့် ကြေညာထားသည့် လက်နက်ကိုင်အဖွဲ့အစည်းများမှအပ မည်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းကိုမဆို တွေ့ဆုံဆွေးနွေးရန်လည်း ဖိတ်ခေါ်ကြောင်းလည်း ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က သူ၏မိန့်ခွန်းတွင် ဆက်လက်ထည့်သွင်းပြောဆိုခဲ့သည်။
လက်ရှိ စစ်ကောင်စီ၏ လုပ်ဆောင်ချက်များသည် အာဏာတည်မြဲရေးနှင့် စစ်အာဏာရှင် သက်ဆိုးရှည်စေရန် ကြိုးပမ်းမှုများသာဖြစ်ပြီး တိုင်းရင်းသားများလိုလားသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ယုံကြည်ဖွယ်ရာမရှိဘဲ စစ်ကောင်စီ၏ ပြောဆိုချက်များနှင့် လုပ်ဆောင်ချက်များအပေါ် ကျန်တိုင်းရင်းသားအဖွဲ့အစည်းများအနေဖြင့် သတိထားဆင်ခြင်သင့်ကြောင်းလည်း KNU ဘက်က ဆိုသည်။
ယခင် စစ်ကောင်စီအနေဖြင့် အာဏာသိမ်းယူစဉ်ကာလအတွင်း လာမည့် ၂၀၂၂ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပပေးသွားမည်ဖြစ်ကြောင်း ပြောဆိုထားသော်လည်း လက်ရှိ အိမ်စောင့်အစိုးရအနေဖြင့် ပြောင်းလဲဖွဲ့စည်းလိုက်ပြီးနောက် လာမည့် ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲ ခေါ်ယူကျင်းပပေးမည်ဖြစ်ကြောင်း လေသံပြောင်းလဲပြောဆိုခဲ့ခြင်းမှာ ၎င်းတို့၏ အာဏာသိမ်းယူမှုကို ဆက်လက်တည်တံ့စေရန်နှင့် ပြည်သူအပါအဝင် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကိုရအောင် အမည်ပြောင်းလဲ ဖွဲ့စည်းခြင်းမျိုးသာဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ စောကပိက ယခုလိုသုံးသပ်ပြောဆိုသည်။
“တိုတိုပြောရရင် တိုင်းပြည်အာဏာ၊ နိုင်ငံရေးအာဏာကို နှစ်ရှည်လများ ရယူထားခြင်းတာရယ်၊ သူများ အသိအမှတ်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ပြည်သူလူထုနဲ့ နိုင်ငံတကာတွေအနေနဲ့ သူတို့ကို ခေါ်ယူသုံးနှုန်းတဲ့ အခေါ်အဝေါ်မှာ အစိုးရဆိုတဲ့ စကားလုံးလေးပါလာဖို့အတွက် သူတို့ရဲ့ အခြေခံစဉ်းစားချက်လို့ ကျနော်ယူဆတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး စစ်ကောင်စီခေါင်းဆောင်၏ ပြောဆိုမှုမှာလည်း ၎င်းတို့၏ အာဏာတည်မြဲရေးနှင့် အာဏာရရှိရေးအတွက် ပြောဆိုမှုမျိုးသာဖြစ်ပြီး ၎င်းပြောစကားများအပေါ် အရေးတယူ အသိအမှတ်ပြုရန် မလိုအပ်ကြောင်းလည်း စောကပိက ဆက်လက်ပြောဆိုသည်။
လက်ရှိ စစ်ကောင်စီမှ အိမ်စောင့်အစိုးရအဖြစ် အမည်ပြောင်းလဲဖွဲ့စည်းလိုက်ခြင်းအပေါ် ဝေဖန်မှုများစွာရှိနေပြီး အများအားဖြင့် ၎င်းတို့၏ အာဏာတည်မြဲရေးနှင့် အသိအမှတ်ပြုခံရရေးအတွက် ယခုလို အသွင်ပြောင်းလဲ ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သုံးသပ်ပြောဆိုခဲ့ကြသည်။
အဆိုပါဖွဲ့စည်းလိုက်သည့် အိမ်စောင့်အစိုးရအား အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ကလည်း မတရားအသင်းအဖြစ် ယမန်နေ့ (ဩဂုတ် ၂ ရက်) က ကြေညာထုတ်ပြန်ထားသည်။







