ကနီစစ်ဘေးရှောင်တွေကို အကူအညီပေးနိုင်ရေး ကြိုးပမ်းနေတယ်လို့ စစ်ကိုင်းတိုင်းလွှတ်တော်ဥက္ကဋ္ဌပြော

ကနီစစ်ဘေးရှောင်တွေကို အကူအညီပေးနိုင်ရေး ကြိုးပမ်းနေတယ်လို့ စစ်ကိုင်းတိုင်းလွှတ်တော်ဥက္ကဋ္ဌပြော

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်မှုကြောင့် တောတောင်တွေထဲ ထွက်ပြေးခိုလှုံနေကြရတဲ့ ကနီမြို့နယ် စစ်ဘေးရှောင်တွေအတွက် လိုအပ်တဲ့အကူအညီတွေ ပေးအပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးမြင့်ထွေးက ပြောပါတယ်။

ဒီနေ့ ဩဂုတ်လ ၂ ရက်နေ့ မနက်ပိုင်းက ကျင်းပပြုလုပ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ကျင်းပပြီးနောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးမြင့်ထွေးက ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

“ဒီအလှူရှင်တွေအားလုံးနဲ့ လျှို့ဝှက်စွာ ချိတ်ဆက်ဆောင်ရွက်ပြီးတော့ ကနီပြည်သူတွေကို လှူဒါန်းနိုင်ဖို့အတွက် တဆင့်ဆောင်ရွက်နေတာ ရှိနေပါပြီ” လို့ စစ်ကိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးမြင့်ထွေးက ပြောပါတယ်။

စစ်ကိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီဒေသဟာလည်း စစ်အာဏာရှင် တိုက်ထုတ်ရေးမှာ တက်တက်ကြွကြွပါဝင်ခဲ့တဲ့ ဒေသတစ်ခုဖြစ်သလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ သတ်ဖြတ်မှုကြောင့် ဒေသခံပြည်သူတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။

ကနီမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်မှုကြောင့် ကျေးရွာပေါင်း ၃၇ ရွာက သောင်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး မိုးရာသီကာလည်းဖြစ်တဲ့အတွက် အမိုးအကာ၊ ဆေးဝါးနဲ့ စားရိက္ခာတွေလည်း အရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံလွှတ်တော်အမတ်တွေက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ဘေးရှောင်တွေအတွက် ဧပြီလထဲမှာတစ်ကြိမ်နဲ့ ဇွန်လအတွင်းမှာ တစ်ကြိမ် NUG အစိုးရက ပမာဏအနည်းငယ် ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ယင်းမာပင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းရီက ပြောပါတယ်။

ဒီနေ့ကျင်းပတဲ့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်မှာ နွေဦးတော်လှန်ရေးကာလ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုကြောင့် ကျဆုံးခဲ့ရတဲ့ ပြည်သူတွေအတွက် ဝမ်းနည်းဂုဏ်ပြုကြောင်း အဆိုကို ယင်းမာပင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းရီက တင်သွင်းခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ခြောက်ဦးက ထောက်ခံဆွေးနွေးခဲ့ကာကန့်ကွက်သူမရှိတဲ့အတွက် အဆိုကို မှတ်တမ်းတင်ကြောင်း တိုင်းလွှတ်တော်က ကြေညာခဲ့ပါတယ်။

 
 

 

 

ဓာတ်ပုံ - (မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျေးရွာတစ်ရွာကို တွေ့ရစဉ် / Crd)
August 29, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များ တည်ရှိရာ ဒေသများသို့ ဦးတည်...
ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
August 28, 2026
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက်...
August 28, 2026
မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများအပေါ် အောက်ခြေ ထောင်ဝန်...
August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...