စစ်ရေးပဋိပက္ခကြား မိုင်းစနဲ့အတူ သေရွာပြန် တောင်သူဦးလှဖေ

စစ်ရေးပဋိပက္ခကြား မိုင်းစနဲ့အတူ သေရွာပြန် တောင်သူဦးလှဖေ

မနက် မိုးမလင်းတလင်းအချိန်မှာ ကျွဲခလောက်သံကိုသာနားစွင့်ပြီး လမ်းလျှောက်နေတဲ့ကြား “အုံး……” ဆိုတဲ့ပေါက်ကွဲသံ ရုတ်တရက်ထွက်ပေါ်လာခဲ့ပါတယ်။

ထို ပေါက်ကွဲသံကိုကြားရပေမယ့် ဘယ်နေရာရောက်နေမှန်းမသိတဲ့ အသက် (၅၆) အရွယ် ဦးလှဖေ (အမည်ပြောင်း) တယောက် သတိထားပြီး ကြည့်လိုက်တော့ ခန္ဓာကိုယ်တခုလုံး သွေးသံရဲရဲ၊ ခေါင်းတွေလည်း မူးနှောက်လာခဲ့ပြီး မြေမြုပ်မိုင်းပေါက်ကွဲမှုဆိုတာ ချက်ချင်းသိလိုက်ရပါတယ်။

ဦးလှဖေဟာ တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲဖြစ်ပွားတဲ့ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်ထဲက ပန်တောင်းကျေးရွာသားဖြစ်ပါတယ်။

ကျောက်မဲမြို့နယ်မှာ စစ်ကောင်စီတပ်၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် (RCSS/SSA)၊ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် (SSPP/SSA)၊ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့တွေ သွားလာလှုပ်ရှားနေကြပါတယ်။

ဇူလိုင်လ (၁၀) ရက် မနက်မှာတော့ ဦးလှဖေတယောက် သူနေတဲ့ကျေးရွာနဲ့ နာရီဝက်ခန့်ဝေးတဲ့ တောထဲမှာ စားကျက်လွှတ်ထားတဲ့သူ့ကျွဲကို သွားရှာလာပြီးနောက် သူ့မိသားစုဝင်တွေရှိတဲ့ မိုင်းငေါ့မြို့ ဟိုင်းခမ်းရွာက စစ်ရှောင်စခန်းကို သွားဖို့ အားခဲခဲ့ပေမယ့် ကံဆိုးခဲ့ရပါတယ်။

တောင်ယာလုပ်ကိုင်တဲ့မိသားစုဝင်ဖြစ်တဲ့အလျောက် ကျွဲတွေကို ဒီအတိုင်း ပစ်မထားရက်ပဲ ကျွဲကိုရှာပြီး၊ စစ်ရှောင်စခန်းလိုက်သွားဖို့ ပြင်ဆင် စီစဉ်ထားသူလည်းဖြစ်ပါတယ်။

“ဦးလေးရဲ့ မိသားစုတွေက စစ်ရှောင်စခန်းကို ရောက်နှင့်နေပြီ၊ ကျွဲရှာပြီးရင်တော့ သူတို့ဆီ လိုက်သွားတော့မှာ၊ ဒီမှာလည်း သေနတ်သံ၊ မိုင်းသံတွေက ခဏခဏ ကြားနေရတော့ စိုးရိမ်တယ်လေ” လို့စိတ်မကောင်းစွာနဲ့ပြောပါတယ်။

ဦးလှဖေ တယောက် မိသားစုနဲ့ အတူပြန်ဆုံဖို့ စဉ်းစားပျော်ရွှင်နေချိန် မထင်မှတ်ထားဘဲ ရုတ်တရက် မြေမြုပ်မိုင်းနင်းမိတာပါ။

“မြေမြုပ်မိုင်းကို နင်းမိပြီဆိုတာ သိသိချင်းမှာ စိတ်တွေကအရမ်းလှုပ်ရှားခဲ့တယ်၊ နင်းထားတဲ့ခြေထောက်ကို လွှတ်လိုက်ရင် သေမှာလေ၊ အဲ့တော့ သေလို့မဖြစ်သေးဘူး၊ တစ်ခုခုတော့ လုပ်ရမယ်” ဆိုပြီး မိုင်းနင်းမိနေစဉ် ဖြစ်ပေါ်ခဲ့တဲ့အတွေးကို ဦးလှဖေ ပြန်ပြောပြနေပါတယ်။

မြေမြုပ်မိုင်း နင်းမိချိန်မှာ သတိလက်လွှတ်မဖြစ်ဘဲ မျှော်လင့်ချက် နဲ့ဘေးပတ်ဝန်းကျင် ကို အော်ခေါ် အကူအညီ တောင်းခဲ့ပေမယ့် တစုံတရာ တုန့်ပြန်မှုမရှိခဲ့ဘူးလို့ဆိုပါတယ်။

“ဘယ်သူမှ ပြန်ထူးသံမကြား၊ မိုင်းနင်းမိထားတဲ့ ဘယ်ခြေနေရာ အစားထိုးဖို့ ကျောက်တုံးတွေကလည်း အနီးအနားမှာ မရှိ၊ နောက်ဆုံးတော့ ညာခြေကို ဆန့်နိုင်သမျှဆန့်၊ ခန္ဓာကိုယ်ကို မြေပေါ်လိမ့်ချလိုက်တာနဲ့မိုင်းကွဲသွားတယ်” လို့ မိုင်းနင်းမိစဉ် ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်အသေးစိတ်ကို ဦးလှဖေ တယောက် ပြန်ပြောပြနေပါတယ်။

ပေါက်ကွဲမှု မိနစ် (၂၀) ကျော်အကြာမှာ လူတစ်စုကရောက်လာပြီး၊ အနီးအနားမှာရှိတဲ့ ဘုန်းကြီးကျောင်းဆီကို သူ့ကို ပွေ့ချီသယ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် ဒဏ်ရာပြင်းထန်တဲ့အတွက် ရပ်ကျေး ဆေးပေးခန်းကို ထပ်ပြီး ပို့ဆောင်ပေးခဲ့ကြပါတယ်။

“ဘုန်းကြီးကျောင်းကနေ ဆေးခန်းရှိတဲ့ရွာကို ပို့ပေးတယ်၊ အဲဒီဆေးခန်း ရောက်တော့ အရင်ဆုံး ဒဏ်ရာကို ဆေးကြောပေးတယ်၊ ဆေးထိုးပေးတယ်။ သောက်ဆေးတွေလည်း ပေးတယ်။ ပြီးတော့ ဒီတိုင်းပဲ နေနေရတယ်” လို့ ဦးလှဖေ တယောက် မိုင်းထိဒဏ်ရာကို စတင် ဆေးကုသခံခဲ့ရတဲ့အခြေအနေကို ပြောပါတယ်။

သူ့ ခြေထောက်မှာ မိုင်းစဝင်နေပေမယ့် ခွဲစိတ်ဆရာဝန် မရှိ၊ အထူးကုမရှိတဲ့အပြင် သေနတ်သံ၊ ဗုံးသံတွေ မကြာခဏ ကြားနေရတဲ့ တောင်ပေါ်ဒေသမှာ တော့ စနစ်တကျ ဆေးကုသမှုခံယူခွင့်မရခဲ့ဘဲ တပတ်ကျော်ကြာ နာကျင်တဲ့ဒဏ်ကို ကျိတ်မှိတ်ပြီး ခံနေခဲ့ရပါတယ်။

“ရွာမှာပဲ (၈) ရက်တိတိ ကြာခဲ့တယ်၊ နာကျင် ကိုက်ခဲနေပေမယ့် ကျိတ်ခံခဲ့ရတယ်။ သေနတ်သံတွေသိပ်မကြားရတော့ဘူးဆိုမှ ရွာကနေ ထွက်ခဲ့တာ၊ လမ်းခရီးက ကြမ်းပေမယ့်လည်း ဒဏ်ရာတွေ ကုသဖို့ အရဲစွန့်ခဲ့ပါတယ် ” လို့ ဦးလှဖေ က ဆိုပါတယ်။

တပတ်ကျော်အကြာမှာတော့ နာကျင်တဲ့ဒဏ်ရာနဲ့အတူ ကြမ်းတမ်းတဲ့လမ်းခရီးကို သားသမက်ရဲ့ ဆိုင်ကယ်နောက်ကနေ လိုက်ပါလာခဲ့ပြီး ဟိုင်းခမ်းစစ်ရှောင်စခန်းကို ရောက်လာတော့မှ မိုင်းဒဏ်ရာကို ဆေးရုံပြသခွင့်ရခဲ့ပါတယ်။

“ခြေတွေ၊ လက်တွေမှာ ဒဏ်ရာတွေနဲ့ စစ်ရှောင်စခန်းကို ရောက်လာတာ၊ မေးကြည့်လိုက်တော့ မိုင်းနင်းမိထားတာတဲ့၊ စိတ်ပူတာနဲ့ ဆေးရုံတက်ရအောင်ဆိုပြီး ကျောက်မဲက တာဝန်ရှိသူတွေဆီ အကူညီလှမ်းတောင်းလိုက်တယ်” ဆိုပြီး ဦးလှဖေကို ကူညီပေးခဲ့သူ အမျိုးသမီးတစ်ဦးက ပြောပြပါတယ်။

မိုင်းနင်းမိတာ (၉) ရက်နီးပါးကြာခဲ့ပြီ၊ ရွာမှာ ဆေးကုခဲ့ရပေမယ့် ဒဏ်ရာများက ပြင်းထန်နေဆဲ မိုင်းစဝင်နေတဲ့အတွက် ဆေးရုံတက်ကုသနိုင်ဖို့ ကြိုးစားပေးခဲ့တယ်လို့ အဆိုပါအမျိုးသမီးက ပြောပါတယ်။

ဒါ့ပေမဲ့ တဖက်မှာလည်း ကျောက်မဲမြို့မှာ ကိုဗစ်ကူးစက်လူနာတွေ မြင့်တက်ပြီး ဆေးရုံမှာလည်း ကိုဗစ်လူနာတွေနဲ့ ပြည့်နှက်နေသလို စစ်အာဏာရှင်လက်အောက် အလုပ်မလုပ်လိုတဲ့အတွက် ကျန်းမာရေးဝန်ထမ်းတွေက အာဏာဖီ ဆန်ရေး CDM လုပ်ထားတဲ့အတွက် မိုင်းစကို ခွဲစိတ်ဖို့ ကံကြမ္မာက မျက်နှာသာမပေးခဲ့ပါဘူး။

“ကျောက်မဲမှာက ကိုဗစ်လူနာများနေတယ်။ ကျန်းမာရေးဝန်ထမ်းကလည်းနည်းတော့ ခုခွဲစိတ်လို့မရသေးဘူး” လို့ စစ်ရှောင်စခန်းရောက် အမျိုးသမီးက ပြောပါတယ်။

လက်ရှိမှာတော့ ပေါင်ရင်းမှာ လက်မဝက်ခန့် အပေါက်ဖြစ်နေတဲ့ဒဏ်ရာ၊ ဘယ်ခြေမျက်စိနား မိုင်းစနစ်ဝင်နေဆဲ ဒဏ်ရာတွေနဲ့ ဟဲခမ်းစစ်ရှောင်စခန်းမှာ ဆက်လက်နေထိုင်နေရပါတယ်။

“ဘာပဲဖြစ်ဖြစ် မိုင်းစ ယမ်းစတွေ အရိုးအသားထဲမှာ ကျန်နေတယ်ဆိုရင် သေချာတာတစ်ခုက ထုတ်ကို ထုတ်ပစ်ရမှာ၊ မထုတ်ပစ်ရင် ရေရှည်မှာ ပိုးတွေဝင်လာနိုင်တယ်၊ ပြည်တည်တာတွေဖြစ်နိုင်တယ်၊ နောက်ပြီး နာကျင် ကိုက်ခဲ တာတွေဖြစ်မယ်၊ သွေးကြောတွေကို ထိထားတယ်ဆိုရင် ပုပ်သွားတာတွေအထိ ဖြစ်နိုင်တယ်” ဆိုပြီး ဆရာဝန်တစ်ဦးက ပြောပြပါတယ်။

သျှမ်းမြောက်မှာဆိုရင် ၂၀၁၁ ခုနှစ် နောက်ပိုင်းကစပြီး တိုင်းရင်းသားလက်နက်ကိုင်တွေ မိုင်းအသုံးပြုမှုများလာကြပြီး၊ မိမိထောင်တဲ့မိုင်းကို တာဝန်ယူမှု၊ တာဝန်ခံမှုတွေလည်းမရှိကြပေ။

ပြီးခဲ့တဲ့လွှတ်တော်သက်တမ်းမှာ ကျောက်မဲလူထုတွေ့ဆုံပွဲပြုလုပ်ပြီး လက်နက်ကိုင်တပ်ဖွဲ့တွေ မိုင်းထောင်တိုက်ခိုက်မှု မပြုလုပ်ကြဖို့ တောင်းဆိုခဲ့ဖူးပါတယ်။

ဒါပေမယ့် လက်ရှိအချိန်ထိ လက်နက်ကိုင်တပ်လှုပ်ရှားတဲ့ ကျေးရွာတွေမှာ မိုင်းကွဲတာတွေ ဆက်လက်ဖြစ်ပေါ်နေပြီး အသက်ဆုံးရှုံးတာတွေလည်း ဆက်ပြီးကြားနေရဆဲပါ။

မိုင်းထောင်တိုက်ခိုက်တာတွေကြောင့် ဒေသခံတွေအပြင် မိုင်းထိတဲ့သူတွေကို သွားရောက်ကူညီတဲ့ လူမှုရေးအသင်းအဖွဲ့များအတွက်ပါ အသက် အန္တရာယ်ရှိနေပါတယ်။

“မိုင်းထိတဲ့သူကို သွားသယ်ဖို့ဆိုတာ မလွယ်ပါဘူး၊ အဲ့ဒေသရဲ့ တာဝန်ရှိသူတွေဆီကို အကြောင်းကြားရတယ်၊ တချို့နေရာက ကားလမ်းမရှိတော့ ခြေကျင်သွားရတယ်၊ အဲ့ဒီလိုသွားသယ်တဲ့လမ်းမှာ မိုင်းထောင်ထားတာကိုလည်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရဖူးတယ်” လို့ ကျောက်မဲ လူမှုရေးအသင်းဝင်တစ်ဦးက ကြုံတွေ့ခဲ့တာကို ပြောပြပါတယ်။

သျှမ်းမြောက်မှာ မြေမြုပ်မိုင်းပေါက်ကွဲမှု အများဆုံးဖြစ်တဲ့ မြို့နယ်တွေက ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ နမ့်ဆန်၊ ကွတ်ခိုင်နဲ့ နမ့်ခမ်းမြို့နယ်တို့ဖြစ်ပါတယ်။

ထိုဒေသမှာ နေထိုင်တဲ့ ပြည်သူအများစုဟာ မြေမြုပ်မိုင်း ဒဏ်ကို တနှစ်ထက်တနှစ် ပိုခံစားလာရပြီး၊ ထိုဒဏ်ရာတွေကို ကုသဖို့ အတွက် လက်နက်ကိုင်တပ်ဖွဲ့ တွေ တာဝန်ယူမှု မရှိကြောင်းလည်း ဒေသခံတွေက စိတ်မကောင်းစွာ ပြောဆိုပါတယ်။

“ကျနော်တို့ တောင်ယာသမားတွေ ဘယ်က ပိုက်ဆံတွေနဲ့ခွဲစိတ်မလဲ။ လုပ်တဲ့သူတွေ ထောင်တဲ့သူတွေ တာဝန်ယူပြီး ကုသပေးဖို့လိုတယ်” လို့ မိုင်းထိမှန်တဲ့ဦးလှဖေက မျှော်လင့်နေတဲ့အကြောင်းကို ပြောလာပါတယ်။

လက်ရှိ မိုင်းစထိမှန်ထားတဲ့ ဦးလှဖေတယောက် နိုင်ငံရေး အပြောင်းအလဲ စစ်အာဏာသိမ်းမှု ကိုဗစ်ဒဏ်တွေကြောင့် ဒဏ်ရာကို ခွဲစိတ်ကုသဖို့ အဖြစ်နိုင်သေးပါဘူး။

ခြေထောက်မှာခွဲစိတ်မထားတဲ့ မိုင်းဒဏ်ရာနဲ့ “အုန်း” ဆိုတဲ့ လက်ဖက်ခြံက ထွက်လာတဲ့အသံကို အချိန်တိုင်း ကြားယောင်နေပြီး အတိတ်က ဖြစ်ပျက်တဲ့ သေရွာပြန်ခဲ့တဲ့ရက်ဟာ ဦးလှဖေရဲ့စိတ်ထဲမှာ နေ့စဉ်နဲ့အမျှ ကိန်းအောင်းနေတဲ့ စိတ်ဒဏ်ရာတခုဖြစ်နေပါတယ်။

 
 

 

 

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...