မြန်မာပြည်သူများအပေါ် လုံခြုံ‌ရေးကောင်စီဘက်က တာဝန်မကျေဖြစ်နေဟု ကုလဆိုင်ရာ အမေရိကန် ဒု-သံအမတ်ပြော

မြန်မာပြည်သူများအပေါ် လုံခြုံ‌ရေးကောင်စီဘက်က တာဝန်မကျေဖြစ်နေဟု ကုလဆိုင်ရာ အမေရိကန် ဒု-သံအမတ်ပြော

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် မြန်မာပြည်သူများအတွက် လုပ်ဆောင်ပေးရမည့် တာဝန်ဝတ္တရားများ ပျက်ကွက်နေခဲ့ပြီး ယင်းအတွက်ကြောင့် လက်ရှိအချိန်တွင် ကောင်စီအနေဖြင့် မြန်မာ့အရေးအတွက် ပိုမိုလုပ်ဆောင်သွားရလိမ့်မည်ဖြစ်ကြောင်း ကုလဆိုင်ရာ အမေရိကန် ဒု-သံအမတ်က ပြောကြားသွားခဲ့သည်။

ထို့ပြင် မြန်မာအာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်မှုများ ရပ်ဆိုင်းစေရေးနှင့် ဒီမိုက‌ရေစီလမ်းကြောင်းဆီ ပြန်ရောက်ရေးအတွက် ဖိအားပေးရန်ကိုလည်း ကုလ လုံခြုံရေးကောင်စီကို ကုလဆိုင်ရာ အမေရိကန် ဒု-သံအမတ် ဂျက်ဖရီဒီလော်ရန်တစ်က ဇူလိုင် ၂၉ ရက်တွင် တိုက်တွန်းပြောဆိုသွားခဲ့သည်။

တချိန်တည်းမှာပင် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုက မြင့်တက်နေပြီး ဆာလောင်မွတ်သိပ်မှုကလည်း တိုးလာနေကြောင်း ၎င်းက သတိပေးခဲ့ပြီး “မိမိတို့ ပိုမိုနှောင့်နှေးကြန့်ကြာလေလေ၊ လူ့အသက်များ ပိုမိုဆုံးရှုံးရနိုင်လေ” ဖြစ်လိမ့်မည်ဟု ပြောခဲ့သည်။

မြန်မာနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ တဟုန်ထိုး မြင့်တက်မှုနှင့် ထိခိုက်ခံစားနေရသလို ကျန်းမာရေးကပ်ဘေးက လျင်မြန်စွာ ကြီးထွားလာနေကြောင်း၊ ယင်းတို့က ပြီးခဲ့သည့် ခြောက်လအကြာက နိုင်ငံတွင် စစ်တပ်၏ လူမဆန်ရက်စက်မှုများနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ပျက်ကွက်မှုများ၏ တိုက်ရိုက်ရလဒ်တစ်ခုဖြစ်ကြောင်း အမေရိကန် ဒု-သံအမတ်က ပြောသွားခဲ့သည်။

အကြမ်းဖက်မှုများနှင့် စစ်တပ်၏ ဖြိုခွင်းနှိမ်နင်းမှုများနောက်ပိုင်း လူသိန်းချီ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရပြီး နောက်ထပ် လူပေါင်း ၂ ဒသမ ၈ သန်းခန့်လည်း အစားအသောက်ပြတ်လပ်မှုများနှင့် ရင်ဆိုင်ရကောင်းရနိုင်ကြောင်း ၎င်းက ပြောသွားခဲ့သည်။

မြန်မာအာဏာသိမ်းစစ်တပ်အနေဖြင့် ပြီးခဲ့သည့် ဧပြီလက အာဆီယံအစည်းအဝေးတစ်ခု၌ လုပ်ဆောင်ထားခဲ့သော ကတိကဝတ်များကို လေးစားလိုက်နာမည့်အစီအစဉ်မရှိဟု ထုတ်ဖော်ထားကြောင်း အမေရိကန် ဒု-သံအမတ် ဒီလောရန်တစ်က ကုလလုံခြုံရေးကောင်စီ အလွတ်သဘောဆွေး‌နွေးပွဲတွင် ပြောသွားခဲ့သည်။

“ဆိုတော့ကာ ကျွန်တော်တို့ ဘာတွေများ စောင့်ဆိုင်းနေကြတာလဲ” ဟု ဒီလော်ရန်တစ်က ကောင်စီအဖွဲ့ဝင်များကို မေးခွန်းထုတ်ခဲ့သည်။

“ဒီကောင်စီဟာ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ဖို့ မိမိတို့ရဲ့ စုပေါင်းတာဝန်ဝတ္တရားတွေ ပျက်ကွက်နေပါတယ်၊ ပြီးတော့ မြန်မာပြည်သူတွေအတွက် ကာကွယ်စောင့်ရှောက်ရမယ့်၊ လုပ်‌ဆောင်ပေးရမယ့် တာဝန်တွေ ပျက်ကွက်နေပါတယ်၊ ဒါကြောင့် ကျွန်တော်တို့ ခု ပိုပြီးတော့ လုပ်ဆောင်သွားကြရပါလိမ့်မယ်” ဟု ၎င်းက ပြောသွားခဲ့သည်။

 
 

 

 

Most read this week

August 3, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု တပ်ဖွဲ့ဝင်များ၏...
August 3, 2026
ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် တစ်မြို့နယ်လုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့်...
August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...