မုန်းမြို့နယ်တွင် စစ်ကောင်စီဖမ်းဆီးထားသည့် လူမှုရေးရာအဖွဲ့ဝင်ကို ပြန်လွှတ်ပေးရန်တောင်းဆို

မုန်းမြို့နယ်တွင် စစ်ကောင်စီဖမ်းဆီးထားသည့် လူမှုရေးရာအဖွဲ့ဝင်ကို ပြန်လွှတ်ပေးရန်တောင်းဆို

ညောင်လေးပင်ခရိုင် မုန်းမြို့နယ်တွင် စစ်ကောင်စီအဖွဲ့ကဖမ်းဆီးထားသည့် အရပ်ဖက် လူမှုရေးရာအဖွဲ့အစည်းမှ အဖွဲ့ဝင်ကို ပြန်လွှတ်ပေးရန် ဇူလိုင် ၂၈ ရက်နေ့စွဲဖြင့် ညောင်လေးပင်ခရိုင် ဒေသခံ ကရင်အရပ်ဖက် လူမှုရေးရာအဖွဲ့အစည်းက ကြေညာချက်ထုတ်ကာ တောင်းဆိုလိုက်သည်။

ဒေသခံ ကရင်လူမှုရေးရာအဖွဲ့အစည်း အဖွဲ့ဝင်ဖြစ်သူ စောအောင်ဆန်းလင်း (ခ) လင်းလင်းကို ဖောက်ခွဲရေးသင်တန်းတက်သည့် လူငယ်များကို ကူညီပေးသည်ဟုစွပ်စွဲ၍ သူနေထိုင်ရာ မုန်းမြို့နယ် ရေလဲကရင်ရွာတွင် စစ်ကောင်စီအဖွဲ့ဝင်များနှင့် အနီးအနားရှိ ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများက ဇူလိုင် ၁၂ ရက်နေ့တွင် သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံ ကရင်အရပ်ဖက် လူမှုရေးရာအဖွဲ့အစည်းက ပြောသည်။

အဆိုပါ စွပ်စွဲဖမ်းဆီးထားသည့် အကြောင်းပြချက်မှာ မှန်ကန်သည့်အကြောင်းပြချက်မဟုတ်သလို ဖမ်းဆီးထား သူကို ပြန်လည်လွှတ်ပေးမည်ဟု ပြောဆိုထားသော်လည်း ယခုအချိန်ထိ လွှတ်ပေးခြင်းမရှိသည့်အတွက် ယခုလို ကြေညာချက်ထုတ်ပြီး တောင်းဆိုရခြင်းဖြစ်သည်ဟု ညောင်လေးပင်ခရိုင် ဒေသခံ လူမှုရေးအဖွဲ့အစည်းမှ ပြောရေးဆိုခွင့်ရှိသူ စောစီပထရဲက ကေအိုင်စီသို့ပြောသည်။

၎င်းက “သူတို့ဖမ်းတာက အဲဒီအကြောင်းပြချက်နဲ့ဖမ်းတာပေါ့။ အဲဒါက ဘာမှမဆိုင်ဘူးလေ။ အဲဒီလူက အေးဆေးနေတတ်သူ၊ မလုပ်ဘူးဆိုတာလည်း ငါတို့သိတယ်။ သူတို့ဖမ်းတာက အဓိက သူတို့သိချင်တာ ငါတို့အဖွဲ့အစည်းရဲ့ ရှေးဆက် ဘာလုပ်ဆောင်တာရှိလဲသိချင်လို့ ဖမ်းတာလည်းပါတယ်လို့ ကျနော်ထင်တယ်။ သူတို့စွပ်စွဲတဲ့ ဖောက်ခွဲရေးဟာတွေက ဘာမှမဆိုင်ဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့တွင်လည်း မုန်းမြို့နယ်ရှိ လူမှုရေးရာအဖွဲ့ဝင် နော်အေးကြန်ဆိုသူကိုလည်း စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့မှ အလားတူ ဖမ်းဆီးချုပ်နှောင်မှုလုပ်ဆောင်ခဲ့ပြီး အပြစ်မရှိသည့်အတွက် ပြန်လည်လွှတ်ပေးခဲ့သည်ဟု ဒေသခံ လူမှုရေးရာအဖွဲ့ထံမှ သိရသည်။

ဒေသအကျိုး၊ လူထုရေးရာကိစ္စရပ်များ ထမ်းဆောင်နေသူအား ယခုလို မတရားချုပ်နှောင်ခြင်းကို အပြင်းအထန်ရှုတ်ချုပ်သည့်အပြင် အမြန်ဆုံးပြန်လွှတ်ပေးရန်တောင်းဆိုပြီး ယခုကဲ့သို့ ဖမ်းဆီးချုပ်နှောင်ခြင်းများ ထပ်မံလုပ်ဆောင်ပါက ဒေသခံလူထုများဦးဆောင်နေသည့် အဖွဲ့အစည်းများအနေဖြင့် လူထုနှင့်လက်တွဲကာ ပြင်းထန်သောတုန့်ပြန်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ညောင်လေးပင်ခရိုင် ဒေသခံ ကရင်အရပ်ဖက် လူမှုရေးရာအဖွဲ့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အရ သဘောတူညီထားသည့် ကတိကဝတ်များကို ပြည်သူလူထုကိုယ်စားပြုအနေဖြင့် ငြိမ်းချမ်းရေးနှင့် လူမှုရေးဆိုင်ရာကိစ္စများကို လုပ်ဆောင်ရန် ၂၀၁၉ ခုနှစ်တွင် ဖွဲ့စည်းထားခြင်းဖြစ်သည်ဟု သိရှိရသည်။

January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...
January 6, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ...
January 5, 2026
ပြီးခဲ့သည့် ဇန်နဝါရီလ(၁)ရက်နေ့တွင် ကရင်နယ်ခြားစောင့်တပ်-BGF မှ ကရင်အမျိုးသားတပ်မတော်-KNA အဖြစ်...