စစ်တွေ မြို့အဝင်ကားဂိတ်ရှေ့က ပေါက်ကွဲသံများထွက်ပေါ်လာ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များစစ်ဆေးနေ

စစ်တွေ မြို့အဝင်ကားဂိတ်ရှေ့က ပေါက်ကွဲသံများထွက်ပေါ်လာ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များစစ်ဆေးနေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အဝင် ကားဂိတ်ရှေ့၊ မင်းဂံလမ်းခွဆုံတွင် ယမန်နေ့ (ဇူလိုင်လ ၂၈) ည ၉ နာရီခန့်က ပေါက်ကွဲသံ ၄ ချက် ထွက်ပေါ်လာခဲ့သဖြင့် လုံခြုံရေးတင်းကျပ်ထားပြီး စစ်ဆေးမှုများပြုလုပ်နေကြောင်း သတင်းရရှိသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးလျက်ရှိနေကြောင်း စက်ရုံစု ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလင်းလင်းက နိရဥ္စရာသတင်းဌာနအား ပြောသည်။

“ကျွန်တော်တော့ အဲဒီနေရာရောက်နေပါတယ်။ ရဲနဲ့စစ်တပ်ကလည်း ရောက်နေကြပါတယ်။ ဒီနားကလူတွေပြောတာတော့ ပေါက်ကွဲသံ လေးချက်ကြားလိုက်တယ်လို့ပြောတယ်။ ကျွန်တော်တို့ ပေါက်တဲ့နေရာကို စစ်ဆေးနေတုန်းပါဘဲ” ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအား နိရဥ္စရာသတင်းဌာနမှ မေးမြန်းရာ အဆိုပါနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်နေဆဲဖြစ်ကြောင်း၊ အကြောင်းစုံကို ၄င်းတို့အနေဖြင့် မသိရသေးကြောင်း ဖြေဆိုသည်။

စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်လွင်က “အဲဒီမှာရှိတဲ့ မထသ ဥက္ကဋ္ဌကတော့ အခုနက ဖုန်းလှမ်းဆက်လို့ လုံခြုံရေးအဖွဲ့တွေက သွားကြည့်ဖို့လုပ်နေတယ်။ ကျွန်တော်တို့က ဒီဖက်အဝေးကြီးမှာမို့မကြားလိုက်ဘူး။ နှစ်ချက်သုံးချက်လို့တော့ကြားတယ်။ အခုလက်ရှိကတော့ ဘာမှတော့ မသိရသေးဘူး” ဟု ပြောသည်။

နိရဥ္စရာသတင်းထောက်များအနေဖြင့် အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိနေပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါနေရာအနီးဝန်းကျင်တွင် နေရာယူထားသဖြင့် တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသေးပါ။

ဇူလိုင်လ ၂၇ ရက်နေ့ ညနေ ၄ နာရီခွဲခန့်ကလည်း စစ်တွေမြို့၊ မိဇံရပ်ကွက် BXT ဆိပ်ကမ်းဝင်ပေါက်အနီး ပေါက်ကွဲမှုအသံထွက်ပေါ်ခဲ့ပြီး လူထုအတွင်း ထိတ်လန့်မှု ဖြစ်ပွားခဲ့သေးသည်။

May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...