မင်းကင်းမြို့နယ် တောင်ဖြူရွာမှာ PDF တပ်ဖွဲ့ဝင် ၅၀ ကျော် ဖမ်းဆီးခံရ

မင်းကင်းမြို့နယ် တောင်ဖြူရွာမှာ PDF တပ်ဖွဲ့ဝင် ၅၀ ကျော် ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် တောင်ဖြူရွာမှာ မင်းကင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅၀ ကျော် ဖမ်းဆီးခံလိုက်ရတယ်လို့ မင်းကင်း ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ တာဝန်ရှိသူတစ်ဦးက မဇ္စျိမကိုပြောပါတယ်။

တောင်ဖြူရွာမှာရှိနေတဲ့ စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားတဲ့ ပျူးစောထီးလိုအဖွဲ့က မင်းကင်း PDF ကို လက်နက်ချပြီး ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ဖို့ ကမ်းလှမ်းတာကို လက်နက်မပါဘဲ သွားရောက်ကြရာကနေ ဇူလိုင်လ ၂၈ ရက်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

“သူတို့ဘက်က လက်နက်ချစကားပြောမယ်ဆိုပြီး ကျွန်တော်တို့အဖွဲ့တွေက လက်နက်တွေမပါဘဲ ရွာထဲကိုပြန်ဝင်ကြတာ၊ အဲ့အချိန်မှာ ချောင်ပိတ်ပြီး အဖမ်းခံလိုက်ရတာပါ။ ၅၀ ကျော်ဖမ်းခံရပြီး ၁၂ ယောက်ပြန်ပြီး ထွက်ပြေးလွတ်မြောက်ခဲ့တယ်” လို့ မင်းကင်း PDF မှ တာဝန်ရှိသူက ပြောသည်။

ဇူလိုင်လ ၂၈ ရက် မနက် ၅ နာရီအချိန်မှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားတဲ့ အင်အား ၁၀၀ ခန့်ရှိတဲ့အဖွဲ့တွေနဲ့ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး တစ်နာရီခန့်ကြာမှ စစ်သားနဲ့ရဲတွေက အင်အားထပ်ဖြည့်ဖို့ ရောက်လာတဲ့အတွက် ပြန်ကယ်ထုတ်လို့မရတော့တာဖြစ်တယ်လို့ ဆိုပါတယ်။

မင်းကင်းမြစ်ရိုးအောက် ပန်းဆက်ရွာတိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က ၆ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

“ပန်းဆက်ရွာမှာက စစ်ကောင်စီက လက်နက်ပေးပြီး သင်တန်းပေးနေတာတွေရှိတယ်၊ အဲ့တာတွေကိုသိလို့ လက်ဦးမှုရယူမယ်ဆိုပြီး ကျွန်တော်တို့ဘက်က အရင်စတိုက်ခဲ့တာ” မင်းကင်း PDF မှ တာဝန်ရှိသူက ဆက်ပြောပါတယ်။

ဖမ်းဆီးခံထားရသူတွေဟာ တောင်ဖြူရွာ စာသင်ကျောင်းမှာရှိနေတယ်လို့သိရပြီး သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကို မသိရသေးပါဘူး။

PDF တွေအနေနဲ့ ဆေးဝါးလုံလုံလောက်လောက်မရှိဘဲ ဆေးဝါးကုသမှုတွေလိုအပ်နေပြီး တိုက်ပွဲဖြစ်ပွားရာ အနီးအနားမှာရှိတဲ့ ရွာ ၃၀ ကျော်က ဒေသခံ တစ်ထောင်ခန့်လည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - (မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျေးရွာတစ်ရွာကို တွေ့ရစဉ် / Crd)
August 29, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များ တည်ရှိရာ ဒေသများသို့ ဦးတည်...
ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
August 28, 2026
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက်...
August 28, 2026
မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများအပေါ် အောက်ခြေ ထောင်ဝန်...
August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...