သံတွဲဆေးရုံ ရေမြုပ်လာသဖြင့် ကိုဗစ်လူနာများကို ရွှေ့ပြောင်း၊ ကိုဗစ်ဖြင့် သေဆုံးသူနှစ်ဦး၏အလောင်း သင်္ဂြိုလ်ရန် ခက်ခဲနေဟုဆို

သံတွဲဆေးရုံ ရေမြုပ်လာသဖြင့် ကိုဗစ်လူနာများကို ရွှေ့ပြောင်း၊ ကိုဗစ်ဖြင့် သေဆုံးသူနှစ်ဦး၏အလောင်း သင်္ဂြိုလ်ရန် ခက်ခဲနေဟုဆို

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ဆေးရုံကြီးမှာ ရေနစ်မြုပ်စပြုလာသဖြင့် ကိုဗစ်လူနာများအား ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းထားရပြီး ကိုဗစ်ဖြင့် သေဆုံးသည့် အလောင်းနှစ်လောင်းကိုလည်း အသွားအလာခက်နေသဖြင့် သင်္ဂြိုလ်ပေးရန် ခက်ခဲနေကြောင်း သတင်းရရှိသည်။

သံတွဲဆေးရုံကြီးတွင် ကိုဗစ်လူနာ ၂ဝ ခန့်ရှိပြီး ကျန်လူနားများမှာ ငပလီဆေးရုံတွင် ကုသပေးနေကြောင်း၊ ယမန်နေ့ ညနေပိုင်းတွင် သံတွဲဆေးရုံအတွင်း ရေပြည့်လာသဖြင့် နှစ်ထပ်လူနာဆောင်အပေါ်ထပ်သို့ ပြောင်းရွှေ့လိုက်ရကြောင်း၊ ယမန်နေ့ ဇူလိုင် ၂၆ ရက်နှင့် ယနေ့နံနက် ဇူလိုင် ၂၇ ရက်များ၌ ကိုဗစ်ဖြင့်သေဆုံးသည့် အလောင်းနှစ်လောင်းကို လမ်းခရီးအခက်အခဲကြောင့် သင်္ဂြိုလ်ပေးရန် ခက်ခဲလျက်ရှိကြောင်း ကိုဗစ်လူနာကူညီရေးလုပ်ဆောင်နေသူများက နိရဥ္စရာသတင်းဌာနအား ပြောသည်။

သံတွဲတွင် ကိုဗစ်လူနာများအား ကူညီဆောင်ရွက်ပေးနေသူ ကိုထွန်းသန့်ကျော်က “မနေ့ညကတည်းက ကျွန်တော်တို့ဆေးရုံမှာ ရေတက်လာတဲ့အတွက် ကိုဗစ်လူနာတွေကို နေရာရွှေ့ပြောင်းခဲ့ကြရပါတယ်။ ကိုဗစ် Dead Body (အလောင်း) နှစ်လောင်းကိုလည်း သင်္ဂြိုလ်ဖို့ ကားလမ်းက သွားလို့မရတော့ဘူးလို့ သိရတယ်။ ကားလမ်းတွေမှာ ရေက ၈ ပေ၊ ၉ ပေလောက်အထိဖြစ်နေပြီ” ဟု ယနေ့နံနက် ၁၁ နာရီခန့်က ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အလောင်းများအား စက်လှေဖြင့်သယ်ယူရန် စီစဉ်နေကြောင်း နာရေးကူညီဆောင်ရွက်ပေးနေသူ ကိုကြည်လှိုင်က ပြောသည်။

“ကျွန်တော်တို့ မနေ့က ညနေပိုင်းမှာ မြပြင်ကတစ်လောင်းကိုတော့ မြပြင်သုသာန်မှာပဲ သင်္ဂြိုလ်လိုက်ပါတယ်။ မနေ့ကညနဲ့ ဒီနေ့မနက်သေဆုံးတဲ့ ကိုဗစ်အလောင်းနှစ်လောင်းကိုတော့ အခု စက်လှေနဲ့ သင်္ဂြိုလ်ဖို့ စက်လှေနဲ့ ဆွဲနေပါတယ် အခု။ အောက်ဆီဂျင်က လုံးဝပြတ်နေကြပြီ။ ကားတွေ သွားလာလို့လည်းမရဘူး” ဟု နံနက် ၁၁ နာရီ ၄၅ မိနစ်က ပြောသည်။

သံတွဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးလှဟန်ကလည်း သံတွဲဆေးရုံတွင် ရေပြည့်လာသဖြင့် ကိုဗစ်လူနာများအား ရွှေ့ပြောင်းလိုက်ရကြောင်း၊ အလောင်းများသင်္ဂြိုလ်မည့်ကိစ္စကို တင်ပြလာခြင်းမရှိသေးကြောင်း ပြောသည်။

သံတွဲဆေးရုံအုပ် ဒေါက်တာရဲဝင်းထွန်းက အဆိုပါကိစ္စဖြင့် မေးမြန်းစုံစမ်းရန် နိရဥ္စရာသတင်းဌာနမှ အကြိမ်ကြိမ်ဆက်သွယ်သော်လည်း ဆက်သွယ်မှုမရရှိသေးပါ။

 
 

 

 

May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...