ဘီလူးကျွန်းမြစ်ကူးတံတား အဆိုတင်သွင်းသူ လွှတ်တော်အမတ်ဟောင်း နိုင်လှမောင် အသက် (၈၁) နှစ် ရန်ကုန်မြို့နေအိမ်တွင် ကွယ်လွန်

ဘီလူးကျွန်းမြစ်ကူးတံတား အဆိုတင်သွင်းသူ လွှတ်တော်အမတ်ဟောင်း နိုင်လှမောင် အသက် (၈၁) နှစ် ရန်ကုန်မြို့နေအိမ်တွင် ကွယ်လွန်

ဘီလူးကျွန်းနှင့် မော်လမြိုင် သံလွင်မြစ်ကူးတံတားတည်ဆောက်ရေး ပြည်သူ့လွှတ်တော်သို့ အဆိုတင်သွင်းသူ လွှတ်တော်အမတ်ဟောင်း နိုင်လှမောင် အသက် (၈၁) နှစ် ဇူလိုင်လ ၂၅ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိနေအိမ်၌ ကွယ်လွန်အနိစ္စရောက်သွားကြောင်း သတင်းရရှိသည်။

သားဖြစ်သူ ကိုကျော်ဆန်းနိုင်က “ဒီနေ့ ၂ နာရီ ၂၀ လောက်မှာ အဖေဆုံးသွားတယ်၊ ဒီနေ့ နေလို့ကောင်းတယ်ဆိုပြီးတော့ ပျော်နေသေးတယ်၊ ကိုဗစ်လည်း ၁၁ ရက်လောက်ထိသွားတယ် နှလုံးရောဂါအခံလည်းရှိတော့ ရုတ်တရက်အမောဖောက်သွားတာ အေးအေးချမ်းချမ်းပဲ ထွက်သွားတယ်” ဟု ပြောသည်။

နိုင်မောင်လှ၏ ကြွင်းကျန်ရုပ်အလောင်းကို ရေဝေးသုသာန် ရေခဲတိုက်တွင်ထားရှိထားပြီး ဇူလိုင်လ ၂၆ ရက် နံနက် ၉ နာရီတွင် မီးသင်္ဂြိုလ်ရန် စီစဉ်ထားကြောင်း ကျန်ရစ်သူမိသားစုဝင်များမှ သိရသည်။

ဒေါက်တာအောင်နိုင်ဦးက “ချောင်းဆုံဒေသဇာတိတစ်ဦးလည်းဖြစ်တယ် ပါတီဝင်အချင်းချင်းဖြစ်တဲ့အတွက် အရမ်းလေးစားရတဲ့သူတစ်ဦးပါ ချောင်းဆုံမြို့နယ်အတွက် သမိုင်းလှအောင်လည်း ရေးသားနိုင်ခဲ့တဲ့အပေါ်မှာလည်း ဂုဏ်ယူမိသလို မွန်လူမျိုးအတွက် အကျိုးပြုနေသူတစ်ဦး ဆုံးရှုံးလိုက်ရတဲ့အပေါ် ဝမ်းနည်းတယ်” ဟု ဆိုသည်။

ဆရာနိုင်လှမောင်သည် သမ္မတဦးသိန်းစိန်လက်ထက်တွင် ချောင်းဆုံတံတားတည်ဆောက်နိုင်ရေး ပြည်သူ့လွှတ်တော်သို့ အဆိုတင်သွင်းခဲ့ခြင်းဖြစ်ပြီး မိမိအဆို အထမြောက်အောင်မြင်နိုင်ရန် ထိုစဉ်က သမ္မတဦးသိန်းစိန်အား လူကိုယ်တိုင် တိုက်ရိုက်တွေ့ဆုံတောင်းဆိုခြင်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ထံ စာရေးသားတောင်းဆိုခြင်းတို့ကို စည်းရုံးဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရသည်။

ရန်ကုန်တိုင်းဒေသကြီး မွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ အမှုဆောင်တစ်ဦးဖြစ်သည့်အပြင် ဘီလူးကျွန်းဒေသအကြောင်းနှင့် မွန်လူမျိုးရေးဆိုင်ရာတို့ကို သမိန်ဘဆာန်း ကလောင်အမည်ဖြင့် ဆောင်းပါးများရေးသားခဲ့သည်။

ပါလီမာန်ခေတ်ရွေးကောက်ပွဲများ၊ ၁၉၉၀ ရွေးကောက်ပွဲနှင့် ၂၀၀၈ အခြေခံဥပဒေအရ ပေါ်ပေါက်လာသော ရွေးကောက်သမိုင်းအစဉ်အလာအရ ဘီလူးကျွန်း-ချောင်းဆုံမြို့နယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်မြေတွင် မွန်ပါတီကိုယ်စားလှယ်များအကြိမ်ကြိမ် ရှုံးနိုမ့်ခဲ့ကြသော်လည်း ၂၀၁၀ ရွေးကောက်ပွဲတွင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP မှ နိုင်လှမောင်တစ်ဦးသာ အနိုင်ရရှိခဲ့ဖူးသူဖြစ်ကြောင်း သိရသည်။

ဆရာနိုင်လှမောင်သည် ချောင်းဆုံမြို့နယ် ရွာလွှတ်ကျေးရွာ ဇာတိတစ်ဦးဖြစ်ပြီး တိုက်အမှတ် ၁၄ (ဒုတိယထပ်) ရတနာလမ်း ကျောက်မြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ကွယ်လွန်အနိစ္စရောက်ရှိခြင်းဖြစ်သည်။

 
 

 

 

March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...