သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာအုပ်ရေးမှူးဟောင်း ဦးမြင့်ရွှေဟာ ဒီကနေ့ ဇူလိုင် ၂၄ ရက်နေ့ နေ့လယ်ပိုင်းမှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အသက် ၆၀ အရွယ် ဦးမြင့်ရွှေ နေအိမ်မှာရှိနေစဉ် အမည်မသိသေနတ်သမား ၂ ဦးက ဆိုင်ကယ်နဲ့လာရောက်ပြီး ပစ်သတ်သွားခဲ့တာပါ။
“ဟုတ်တယ်၊ ဦးမြင့်ရွှေ ပစ်သတ်ခံရတယ်၊ နေအိမ်ထဲ ဝင်ပစ်သွားတာ၊ အိမ်သားတွေတော့ မထိဘူး” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
ဦးမြင့်ရွှေဟာ သေနတ်ဒဏ်ရာ ၆ ချက်ရရှိခဲ့ပြီး၊ နောက်စေ့ဖောက်ထွက်ဒဏ်ရာ၊ လည်ပင်းနဲ့ကျောဘက်ပြင်တွေမှာ ဒဏ်ရာရရှိပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။
ဦးမြင့်ရွှေဟာ ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၀ မှ ၂၀၁၅ ခုနှစ်ထိ မြေနီကုန်းကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာပါ။
လက်ရှိမှာတော့ ဦးမြင့်ရွှေဟာ မြေနီကုန်းကျေးရွာ ပြည်သူ့စစ်အဖွဲ့ခေါင်ဆောင်းအဖြစ် လုပ်ဆောင်နေတယ်လို့ ကြားသိရပေမယ့် သံလွင်တိုင်းမ်က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
သထုံမြို့နယ်မှာ မနေ့ကလည်း ဒူးရင်းဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှမင်း သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။







