နိုင်ငံရေးပြဿနာတွေကို ခဏလေးထားပြီးတော့မှ ရင်ဆိုင်နေရတဲ့ ကျန်းမာရေးကိစ္စကို အင်အားစုအားလုံးလက်တွဲပြီးတော့ တညီတညွတ်ကြိုးပမ်းကြပါစို့၊

နိုင်ငံရေးပြဿနာတွေကို ခဏလေးထားပြီးတော့မှ ရင်ဆိုင်နေရတဲ့ ကျန်းမာရေးကိစ္စကို အင်အားစုအားလုံးလက်တွဲပြီးတော့ တညီတညွတ်ကြိုးပမ်းကြပါစို့၊

ရဲဘော်မျိုးဝင်း အင်တာဗျူး

မေး။ ကိုဗစ်-၁၉ ထိန်းချုပ်ရေးကော်မတီ (CSMC) ကို ဖွဲ့စည်းဖြစ်တဲ့အကြောင်း အရင်ဆုံးပြောပြပေးပါဦးဆရာ။

ဖြေ။ ကိုဗစ်-၁၉ ပြဿနာက အရေးပေါ်အခြေအနေဖြစ်တယ်။ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုဖြစ်တယ်။ အမျိုးသားရေးပြဿနာဖြစ်တယ်။ အဲတာနဲ့ ပတ်သက်ပြီး ထုတ်ပြန်ပြီး ဖြစ်တယ်။ အဲပြဿနာကို ဖြေရှင်းဖို့ဆိုရင် တစ်ဦးကောင်း တစ်ယောက်ကောင်းမဟုတ်ပဲနဲ့ အားလုံးပါဝင်ပြီး ပူးပေါင်းဖြေရှင်းဖို့ လိုအပ်တယ်ဆိုတဲ အခြေခံမူကနေပြီးတော့ ပူးပေါင်းဆောင်ရွက်တဲ့ အခြေခံဖြစ်ပေါ်လာဖို့အတွက်ကို ညှိနှိုင်းဆောင်ရွက်မယ့် ကော်မတီဖွဲ့စည်းတာပေါ့နော်။

မေး။ ရှေ့လုပ်ငန်းစဉ် (၈) ရပ်ဆိုတာ ဘာတွေလဲဆရာ။

ဖြေ။ ဒီဟာကိုတော့ အသေးစိတ်ပြောဖို့ နည်းနည်းတော့ ခက်တယ်။ ဆိုလိုတာက ယေဘုယျအားဖြင့်ပြောမယ်ဆိုရင် ကိုဗစ်-၁၉ ပြဿနာကို ဖြေရှင်းနိုင်ဖို့ ဆိုရင်တော့ ပြည်တွင်း၊ ပြည်ပမှာ ရှိနေတဲ့ အင်အားစု အားလုံးနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်မယ်။ ပြီးတော့ နိုင်ငံတကာအကူအညီတွေလည်း လိုအပ်တာပေါ့။ အခြေအနေတွေကို တစ်နိုင်ငံလုံးအတိုင်းအတာ ဆောင်ရွက်ပြီးတော့မှ ဒါတွေကို ထိန်းချုပ်ကာကွယ်ဖို့၊ ကုသဖို့ လိုအပ်တဲ့အတွက် ကျနော်တို့ EAO တွေ ဒေသမှာလည်းပဲ လက်ရှိ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် အကူအညီတွေလိုအပ်တာပေါ့။ ဒါတွေကိုလည်း အကူအညီတွေ ရရှိအောင်ကြိုးပမ်းသွားမယ်။ အခြေခံအားဖြင့်တော့ နိုင်ငံရေးပြဿနာကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို အခုထုတ်တဲ့ ကြေညာချက်မှာလည်း ပါပါတယ်။ နိုင်ငံရေးပေါ်မှာ အခြေအခံပဲနဲ့ လူသားချင်းစာနာထောက်ထားမှု အခြေခံပေါ်ကနေ ပူးပေါင်းဆောင်ရွက်ဖို့အတွက် အခြေခံတွေ ဖြစ်လာအောင် ကျနော်တို့ ကြိုးပမ်းသွားဖို့အတွက်ပေါ့။ ဒီကော်မတီကို ကြိုးပမ်းညှိနှိုင်းဆောင်ရွက်သွားဖို့အတွက်ပေါ့။

မေး။ EAO တွေ ထိန်းချုပ်နယ်မြေမှာ ကိုဗစ်ကာကွယ်ရေးနဲ့ပတ်သက်ပြီး နစကနဲ့ ချိတ်ဆက်လုပ်ဆောင်တာရှိလားဆရာ။

ဖြေ။ ပြည်တွင်းအင်အားစုအားလုံးနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်ဆိုတာ အခြေခံမှာပါ။ ကျနော်တို့ လိုအပ်ရင် လိုအပ်သလို ပူးတွဲဆောင်ရွက်တာတို့ လိုအပ်ရင် လိုအပ်လာလိမ့်မယ်လို့ မျော်လင့်ပါတယ်။ ဒါကတော့ တစ်ဆင့်ချင်း ညှိနှိုင်းဆောင်ရွက်သွားရမယ့်ကိစ္စဖြစ်တယ်ပေါ့နော်။

မေး။ လောလောဆယ် ချိတ်ဆက်ပြီးလုပ်ဆောင်တာ မရှိသေးဘူးဆိုတဲ့သဘောပေါ့နော်ဆရာ။

ဖြေ။ အခုမှ ကျနော်တို့ ကော်မတီဖွဲ့တာကို ကော်မတီဖွဲ့ပြီးပြီဆိုရင် ပြည်တွင်းအင်အားစုအားလုံးရော၊ နိုင်ငံတကာအင်အားစု အားလုံးနဲ့ရော တွေ့ဆုံနိုင်ရေး ကျနော်တို့ တဆင့်ချင်း ကြိုးပမ်းသွားရမှာပေါ့။ ဘာလို့လည်းဆိုတော့ အင်အားစုအားလုံးနဲ့ ပူးတွဲဆောင်ရွက်သွားဖို့ ကျနော်တို့ ဖိတ်ခေါ်ထားတာတွေ၊ ကမ်းလှမ်းထားတာတွေ၊ တောင်းဆိုထားတာတွေ ရှိတာကို ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ဆိုရင်တော့ အားလုံးပူးပေါင်းမှ ရမယ်ဆိုတာကို ကျနော်တို့ အခြေခံထားတာလေ။ အဲလိုဆိုတော့ အင်အားစုအားလုံးနဲ့ ကျနော်တို့ လိုအပ်သလို ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်မှုတွေကို တဆင့်ပြီးတဆင့် ရှိလာလိမ့်မယ်လို့ ဒီလိုပဲ မျော်လင့်ပါတယ်။

မေး။ အခု CDM လုပ်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ကာချုပ်က တာဝန်ထမ်းဆောင်ဖို့ ပြန်ခေါ်လိုက်တဲ့အပေါ် ဆရာတို့ ဘယ်လိုမြင်လဲ။

ဖြေ။ ကျနော်တို့ ကြိုးပမ်းတဲ့အထဲမှာလည်း အဲကိစ္စလည်း ပါတာပေါ့နော်။ ဆိုလိုတာက ဒီတိုင်းပြည်မှာရှိတဲ့ အရင်းအမြစ်တွေ အားလုံးကို ကိုဗစ်-၁၉ ကုသရေးထဲမှာ ပါဝင်လာဖို့ ကျနော်တို့ ကြိုးပမ်းရမှာဖြစ်တယ်၊ ကျနော်တို့ ရင်းမြစ်အားလုံး။ ကျနော်တို့ရင်းမြစ် မလုံလောက်ဘူးဆိုရင် နိုင်ငံတကာကို အကူအညီတောင်းရမှာပေါ့။ ကျနော်တို့ ရင်းမြစ်ထဲမှာတောင် အရေးကြီးဆုံးက ကျန်းမာရေးဝန်ထမ်းတွေ၊ ကျန်းမာရေးလုပ်သားတွေ၊ ပညာရှင်တွေပေါ့နော်။ ဒီပညာရှင်ဆိုတာလည်းပဲ နေ့ချင်းညချင်းလုပ်ယူရတဲ့ အနေအထားမျိုး မဟုတ်ပါဘူး။ သက်ဆိုင်ရာ ကျွမ်းကျင်တဲ့ပညာရှင်တွေကို ကုသရေးလုပ်ငန်းတွေမှာ ပါဝင်ဖို့ ထိုက်သင့်တဲ့ ဖြေလျှော့မှုတွေ၊ စာနာမှုတွေ လုပ်ပေးရပါမယ်။ ကျနော်တို့ လုပ်ငန်းတွေထဲမှာလည်း ကိုယ့်ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပတ်သက်တဲ့ ရှိနေတဲ့ အကန့်အသတ်တွေ ကျော်လွှားနိုင်ရေးကိုလည်း သက်ဆိုင်ရာအားလုံးနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ သဘောထား လုပ်ငန်းစဉ်တစ်ခုတည်းမှာပါရပါတယ်။ ဒါလည်း ကျနော်ဆက်ကြိုးစားမှာပါ။

မေး။ အခုဖွဲ့စည်းလိုက်တဲ့ ကော်မတီနဲ့ပတ်သက်ပြီး ဖြည့်စွက်ပြောစရာရှိရင် ပြောပေးပါဦးဆရာ။

ဖြေ။ ကျနော်တို့ လက်ရှိရင်ဆိုင်နေရတဲ့ ကိုဗစ်-၁၉ ပြဿနာတတိယလိုင်းပေါ့နော်။ အားလုံးလည်း သိပြီးဖြစ်မှာပေါ့။ တော်တော်လေးကို တိုင်းပြည်အတွက် လူသားလုံခြုံမှု၊ တစ်ဦးချင်းရဲ့ ဘဝကို ထိခိုက်နေပြီ ဖြစ်တာကိုး။ ဒါပေမယ့် တစ်ဆက်တည်းမှာပဲ ဒီတိုင်းပြည်မှာ ရှိနေတဲ့ နိုင်ငံရေးပဋိပက္ခကလည်း ဖြစ်ပွားနေတာကို။ နိုင်ငံရေး ပဋိပက္ခကြောင်း သက်ရောက်လာတဲ့ စီးပွားရေးပြဿနာ။ အဲတာတွေလည်း ရှိတာကိုး။ နိုင်ငံရေးပြဿနာကို အခြေခံပြီးတော့မှ ရှိနေကြတဲ့ အင်အားစုကြားထဲမှာ ကိုဗစ်-၁၉ ပြဿနာကို ဖြေရှင်းဖို့ ဦးစားပေးပြီးတော့မှ ဆောင်ရွက်ဖို့အတွက်ကို ဦးတည်ကြိုးပမ်းဖို့အတွက် အဲဒီအခြေခံပေါ်ကနေ အားလုံးပူးပေါင်းဆောင်ရွက်နိုင်တဲ့ အခြေခံတစ်ခုရအောင် ကျနော်တို့ ကြိုးပမ်းစေချင်ပါတယ်။ ဆိုလိုတာက ကျနော်တို့ ပြည်သူတစ်ဦးအနေနဲ့ ထိုင်းဘက်ကမ်း ကူးကြတယ်။ အခုလည်းပဲ သိတဲ့အတိုင်းပဲ ထိုင်းဘက်ကလည်း ကျန်းမာရေးစောင့်ရှောင်မှုမရတဲ့အတွက် ဆုံးရှုံးမှုက နေစဉ်နဲ့အမျှ ရှိလာနေပြီပေါ့နော်။ လူသားချင်းစာနာထောက်ထားအခြေခံပေါ်ကနေပြီးတော့ နိုင်ငံရေးပြဿနာတွေကို ခဏလေးထားပြီးတော့မှ ဦးစားပေးပြီးတော့မှ အခုလက်ရှိ ကျန်းမာရေးရင်ဆိုင်နေရတဲ့ အတွင်းကို အင်အားစုအားလုံးလက်တွဲပြီးတော့ တညီတညွတ်နဲ့ ကြိုးပမ်းကြပါစို့လို့ တိုက်တွန်းလိုပါတယ်။

 
 

 

 

Most read this week

May 20, 2024
မွန်ပြည်သစ်ပါတီ-စစ်အာရှင်တိုက်ဖျက်ရေး ( NMSP-AD ) သက်တမ်း ၃ လပြည့်အနေဖြင့် ပြည်တွင်းပြည်ပရှိ...
May 17, 2024
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ရာသီပွဲတော်အကြောင်းပြကာ ...
May 16, 2024
မွန်အမျိုးသားပညာရေးဌာနအောက်ရှိ စာသင်ကျောင်းတို့တွင် လာမည့်စာသင်နှစ်အတွက် သင်ကြားရေးဝန်ထမ်းအဖြစ်...
May 15, 2024
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲအတွင်းရှိ ကုလားဂုတ်ကျွန်း၌ ငါးဖမ်းစက်လှေတို့နှင့်...