မွန်ပြည်၊ မော်လမြိုင်မြို့တွင် အသက်မပြည့်သေးသည့် ကလေး ၂ ဦး အပါအဝင် မူးယစ်ဆေးဝါး သုံးစွဲနေသည့် လူငယ် ၆ ဦး ဖမ်းဆီးရမိခဲ့သည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၄ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီခန့်တွင် မော်လမြိုင်မြို့၊ မြေနီကုန်းရပ်ကွက်ရှိ နေအိမ် တစ်အိမ်၌ မူးယစ်ဆေးဝါး သုံးစွဲနေကြောင်း သတင်းအရ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ဝင်ရောက်ဖမ်းဆီးရာ အသက် ၁၆ နှစ်နှင့် ၁၇ နှစ်အရွယ် ကလေး ၂ ဦး၊ အသက် ၁၈ နှစ်မှ ၂၁ နှစ်ကြား လူငယ် ၄ ဦးတို့အား စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀ နီးပါး၊ သုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ မူးယစ်ဆေးဝါး သုံးစွဲနေစဉ် တွေ့ရှိခဲ့ရကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မော်လမြိုင်မြို့၌ လူငယ်များအကြား မူးယစ်ဆေးဝါးကို ပေါ်ပေါ်တင်တင် ရောင်းဝယ်သုံးစွဲလာကြပြီး အသက်မပြည့်သေးသည့် ကလေးသူငယ်များပါ သုံးစွဲနေကြကြောင်း ဒေသခံများက ပြောသည်။
မော်လမြိုင်မြို့ခံ လူငယ်တစ်ဦးက “လွယ်လွယ်ကူကူ ဝယ်လို့ရနေတယ်။ ဘားတို့ ကလပ်တို့မှာဆိုရင်လည်း ပေါ်တင်ပဲ သုံးနေကြတယ်။ ဆေးသုံးတာက အခုခေတ်မှာ သာမာန်လိုတောင် ဖြစ်နေတယ်။ ဒါ အမှန်တရားပဲ။ ကျောင်းနေအရွယ်တွေလည်း သုံးနေကြတယ်။ ဘယ်သူ့မှာ တာဝန်ရှိလဲ။ ဘယ်လိုကိုင်တွယ်မလဲ။ ပိုပိုပြီး ဆိုးလာတယ်” ဟု ပြောသည်။
စစ်အုပ်စု လက်အောက်ခံများက မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုများကို နှိမ်နှင်းခြင်းမပြုဘဲ လိုင်းကြေးယူကာ ခွင့်ပြုထားသဖြင့် အလွယ်တကူနှင့် ဈေးပေါပေါဖြင့် ဝယ်ယူ၍ ရရှိနေခြင်း ဖြစ်သည်။
ထို့ပြင် မူးယစ်ဆေးဝါး ရောင်းချသူ အများစုမှာ စစ်အုပ်စုနှင့် နီးစပ်သူများဖြစ်၍ ဒေသခံများမှာ မတိုင်ရဲကြဘဲ တိုင်ကြားပါကလည်း အသက်အန္တရာယ် ခြိမ်းခြောက်မှုများ ရှိနေသည်။
လက်ရှိတွင် လူငယ်များအကြား WY စာသားပါ စိတ်ကြွရူးသွပ်ဆေးပြား၊ ဆေးခြောက်၊ ဘိန်းဖြူနှင့် ဘိန်းစာရွက် အစရှိသည့် မူးယစ်ဆေးဝါးများ သုံးစွဲနေကြသော်လည်း စစ်အုပ်စုဘက်က ထိရောက်စွာ အရေးယူဆောင်ရွက် ခြင်း မရှိသဖြင့် အခြေအနေများ ပိုမို ဆိုးရွားလာနေသည်။







