NCA အပစ်ရပ် ၁၀ ဖွဲ့စုပေါင်းပြီး ကိုဗစ်ထိန်းချုပ်ရေးကော်မတီဖွဲ့စည်း

NCA အပစ်ရပ် ၁၀ ဖွဲ့စုပေါင်းပြီး ကိုဗစ်ထိန်းချုပ်ရေးကော်မတီဖွဲ့စည်း

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (၁၀) ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်းဦးဆောင်အဖွဲ့ (PPST) မှ စုပေါင်းပြီး ကိုဗစ်ထိန်းချုပ်ရေးကော်မတီ (CSMC) ကို ယနေ့ ဇူလိုင် ၂၄ ရက်တွင် ဖွဲ့စည်းခဲ့သည်။

လက်ရှိဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ အရေးပေါ်အခြေအနေကို ဖြေရှင်းနိုင်ဖို့ တစ်ဦးကောင်းတစ်ယောက်ကောင်းမဟုတ်ပဲ အားလုံးပါဝင်ပြီး ပူးပေါင်းဖြေရှင်းဖို့လိုအပ်နေပြီး ယင်းကိစ္စများကို ဖြေရှင်းနိုင်ရန် အပစ်ရပ် (၁၀) ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) မှ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း PPST ၏ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်မျိုးဝင်းက ပြောသည်။

“ကိုဗစ်-၁၉ ပြဿနာက အရေးပေါ်အခြေအနေဖြစ်တယ်။ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုဖြစ်တယ်။ အမျိုးသားရေးပြဿနာဖြစ်တယ်။ အဲတာနဲ့ပတ်သက်ပြီး ထုတ်ပြန်ပြီးဖြစ်တယ်။ အဲပြဿနာကို ဖြေရှင်းဖို့ဆိုရင် တစ်ဦးကောင်းတစ်ယောက်ကောင်းမဟုတ်ပဲနဲ့ အားလုံးပါဝင်ပြီး ပူးပေါင်းဖြေရှင်းဖို့ လိုအပ်တယ်ဆိုတဲ အခြေခံမှုကနေပြီးတော့ ပူးပေါင်းဆောင်ရွက်တဲ့ အခြေခံဖြစ်ပေါ်လာဖို့အတွက်ကို ညှိနှိုင်းဆောင်ရွက်မယ့် ကော်မတီဖွဲ့စည်းတာပေါ့နော်” ဟု PPST ပြောရေးဆိုခွင့်ရှိသူ ရဲဘော်မျိုးဝင်းက ပြောသည်။

အဆိုပါ ကိုဗစ်-၁၉ ထိန်းချုပ်ရေးကော်မတီတွင် နိုင်အောင်မငေး၊ ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ ဗိုလ်မှူးကြီးစိုင်းငင်း၊ ရဲဘော်မျိုးဝင်း၊ ပဒိုစောတောနီး၊ စောမြရာဇာလင်း၊ ရဲဘော်ဆန်နီ၊ ဒေါက်တာစိုင်းဦး၊ နန်းယဉ်ယဉ်စိုး၊ ဗိုလ်မှူးစောဟဲစေးနှင့် ဗိုလ်မှူးစောမူးအယ်ဝါးတို့ ပါဝင်သည်။

လက်ရှိဖွဲ့စည်းလိုက်သည့် ကော်မတီတွင် လုပ်ဆောင်ရမည့် ရှေ့လုပ်ငန်းစဉ် (၈) ရပ်ကို ချမှတ်ခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါဘေး အရေးပေါ်အခြေအနေတွင် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ လျင်မြန်စွာ လက်တွေ့ချိတ်ဆက် အကောင်အထည်ဖော်နိုင်ရေးအတွက် ပြည်တွင်း Stakeholders များအားလုံး၊ နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် လက်တွဲပူးပေါင်းဆောင်ရွက်သွားမည်ဟု သိရသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တပ်ဦး (ABSDF)၊ ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ (ALP)၊ မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ လက်မှတ်ရေးထိုးထားသည်။

Most read this week

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...