ရွှေလီတွင် အထောက်အထားမဲ့မြန်မာများ ပြည်နှင်ရန်ပြင်နေ

ရွှေလီတွင် အထောက်အထားမဲ့မြန်မာများ ပြည်နှင်ရန်ပြင်နေ

တရုတ်နိုင်ငံ ရွှေလီတွင် ကိုဗစ်ရောဂါထိန်းချုပ်ရေးအတွက် အထောက်အထားမဲ့ နိုင်ငံခြားသားများကို တရုတ်က ပြည်နှင်နေသောကြောင့် အရေအတွက်ထောင်ချီရှိသော မြန်မာနိုင်ငံသားများ အခက်တွေ့နေရသည်ဟု ရွှေလီရောက် မြန်မာများက ပြောသည်။

နေထိုင်ခွင့်အထောက်အထား အပြည့်အစုံမရှိသော နိင်ငံခြားသားများကို ပြည်နှင်မည်ဟု မြန်မာနိုင်ငံ မူဆယ်မြို့နှင့်ဆန့်ကျင်ဘက်ရှိ ရွှေလီမြို့၏ နိုင်ငံခြားသားအကူအညီပေးရေးနှင့် စီမံခန့်ခွဲရေးစင်တာက ကြေညာပြီးနောက် မြန်မာအချို့ကို ပြန်ပို့နေသည်ဟု ဆိုသည်။

ရွှေလီတွင်နေထိုင်သော မြန်မာတစ်ဦးက "အထောက်အထားမရှိရင် ပြည်နှင်ခံရမယ်။ အချို့က သူဌေးက အာမခံပေးပေမယ့် အနည်းစုပဲရမယ်။ နေရာ၊ အလုပ်နဲ့ ဝင်ငွေအတည်တကျမရှိတဲ့ နေစားသမားတွေ ဒုက္ခရောက်မှာ" ဟု ၎င်းကဆိုသည်။

ရွှေလီမြို့ နိုင်ငံခြားသားအကူအညီပေးရေးနှင့် စီမံခန့်ခွဲရေးစင်တာက ဇူလိုင် ၂၁ ရက်က ထုတ်ပြန်ချက်တွင် ရွှေလီတွင်နေထိုင်သော နိုင်ငံခြားသားများအနေဖြင့် နိုင်ငံကူးလက်မှတ်၊ ယာယီနေထိုင်ခွင့်လက်မှတ်နှင့် ပေါက်ဖော်ကဒ် တစ်မျိုးမျိုးရှိမှသာ နေထိုင်ခွင့်ရမည်ဖြစ်ကြောင်း၊ အခြား မည်သည့်လက်မှတ်ကိုမဆို တရားမဝင်ဟု သတ်မှတ်မည်ဖြစ်ပြီး သက်ဆိုင်ရာ ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြည်နှင်ဒဏ်ပေးခြင်းခံရမည်ဟု သတိပေးထားသည်။

အလားတူပင် ကပ်လျက်မြို့တစ်ခုဖြစ်သော ကျယ်ခေါင်တွင်လည်း တရားမဝင် ဆက်လက်နေထိုင်နေသည့် မြန်မာများကို ပြန်ပို့ရေးလုပ်ဆောင်နေသည်။

ကိုဗစ်ကပ်ရောဂါဂယက်ကြောင့် နယ်စပ်ကိုပိတ်ထားသလို လုပ်ငန်းများ ပိတ်သိမ်းထားကြောင်း၊ ရွှေလီမြို့အနေဖြင့် နိုင်ငံခြားသားများအရေးကို တင်းကျပ်စွာ ကိုင်တွယ်မည်ဖြစ်ကာ တရားဝင်နေထိုင်ခွင့်အထောက်အထား မရှိသူများကို ပြည်နှင်မည်ဟု သတိပေးထားသည်။

ရွှေလီတွင် ယခုရှိနေသည့် နိုင်ငံခြားသားများကို တရုတ်၏ မည်သည့်နေရာမဆို သွားလာခွင့်မပြုတော့ဘဲ ရွှေလီတွင်ပိတ်မိနေသော နိုင်ငံခြားသားများအနေဖြင့် လက်ရှိအခြေအနေအတွက် နေရေးထိုင်ရေး အမြန်ဆုံးအဖြေရှာရန် တိုက်တွန်းထားသည်။

နေရပ်သို့ပြန်လိုသူများသည် လက်ရှိနေထိုင်ရာ ရပ်ကွက်မှ တာဝန်ရှိသူများထံ အစီရင်ခံရန်လည်း အသိပေးထားသည်။

ရွှေလီတွင် ယခင်ကနှင့်မတူသော တင်းကျပ်မှုများကြောင့် မြန်မာအများစု ရပ်တည်ရန် မလွယ်ကူတော့ကြောင်း နေရပ်သို့ပြန်လာခဲ့သည့် မြန်မာတစ်ဦးက ပြောသည်။

ဇူလိုင် ၂၁ ရက်က ထုတ်ပြန်သောစာရင်းအရ ရွှေလီနှင့်ကျယ်ခေါင်တွင် ကိုဗစ်အတည်ပြုလူနာ ၂၈၂ ဦးရှိနေသည်။

Most read this week

August 3, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု တပ်ဖွဲ့ဝင်များ၏...
August 3, 2026
ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် တစ်မြို့နယ်လုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့်...
August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...