မွန်သမိုင်းဆရာကြီးများ၏ အမွေကို မွန်လူငယ်များ တာဝန်ဆက်ယူသင့်ဟု တိုက်တွန်းပြောဆို

မွန်သမိုင်းဆရာကြီးများ၏ အမွေကို မွန်လူငယ်များ တာဝန်ဆက်ယူသင့်ဟု တိုက်တွန်းပြောဆို

အစားထိုးမရနိုင်သော မွန်သမိုင်းသုတေသနပညာရှင်နှစ်ဦး ကွယ်လွန်သွားသည့်အပေါ် အနာဂတ် မွန်လူငယ်မျိုးဆက်များ ဆက်လက်တာဝန်ယူသင့်ကြောင်း မွန်အရေးလှုပ်ရှားသူများက တိုက်တွန်းပြောဆိုနေကြသည်။

ရန်ကုန်-မွန်စာပေယဉ်ကျေးမှုကော်မတီ ဥက္ကဌ နိုင်စိုးအောင်က “ဒီဆရာကြီးတွေ မရှိကြတော့ဘူးဆိုရင် မွန်သမိုင်းဖျက်အဖွဲ့တွေက ပိုပြီး လက်ရဲဇက်ရဲရှိလာလိမ့်မယ်လို့ စဉ်းစားမိပြီး ပိုပြီးတော့ ဝမ်းနည်းမိတာပေါ့နော်၊ ကျနော်တို့ မွန်အမျိုးသားတွေ လူငယ်တွေ ကျန်ရစ်သူအားလုံး သူတို့နေရာမှာ အစားထိုးဝင်ရောက်နိုင်ဖို့ တာဝန်ဝင်ယူကြပါ။ ကျနော်လည်း သံဓိဌာန်ချထားပြီးတော့ တတ်နိုင်သလောက် ထမ်းဆောင်ပါ့မယ် မွန်လူငယ်တွေအနေနဲ့လည်း ဝါသနာရှင်တွေရော အစွမ်းအစရှိသူတွေပါ ဝိုင်းဝန်းပြီးတော့ ဒီတာဝန်ကို ကြိုးပမ်းထမ်းဆောင်ပေးကြပါလို့ တိုက်တွန်းလိုပါတယ်” ဟု မွန်သတင်းအေဂျင်စီကို ပြောသည်။

အထူးအဖြင့် မွန်သမိုင်းဖျက်အုပ်စုတို့သည် ဆရာနိုင်ပန်းလှ၊ ဆရာနိုင်ထွန်သိန်းတို့ သက်ရှိထင်ရှားရှိစဉ်က သမိုင်းဆိုင်ရာလေ့လာသိရှိတတ်ကျွမ်းမှုတွင် ယှဉ်နိုင်လောက်သည့်အရည်အချင်းမရှိသဖြင့် လုံးဝမလှုပ်ရဲခဲ့ကြောင်း၊ ကျောက်စာနှင့်ပတ်သက်၍ ဆရာနိုင်ဘရှင်၊ နိုင်မောင်တိုးတို့ ရှိစဉ်ကာလများတွင် သွေးတိုးစမ်းသည့်သဘောရှိခဲ့ကြောင်း၊ မွန်သမိုင်းနဲ့ပတ်သက်လျင် ဆရာနိုင်စံဝင်းကို မယှဉ်ဝံ့ခဲ့ကြောင်း ၎င်းကဆိုသည်။  

“ကျနော်တို့မွန်အမျိုးသားရေးမှာ ကဏ္ဍစုံထောင့်စုံဘက်စုံကိုကြည့်လိုက်ရင် စစ်ရေး နိုင်ငံရေး လူမှုရေး စီးပွားရေး သမိုင်းကြောင်းရေးရာစသည်အားဖြင့် ရှိကြပါတယ်၊ အခု သမိုင်းဆိုင်ရာ ထောင့်တစ်နေရာမှာ ဒီလိုဆရာကြီးတွေမရှိတော့လို့ ကျနော်တို့သမိုင်းတွေကို ချိုးနှိမ်ဖျက်ဆီးဖို့ ကြိုးပမ်းနေကြတဲ့အုပ်စုတွေက ပိုပြီး လက်ရဲဇက်ရဲ အတင့်ရဲလာကြမယ်လို့ စဉ်စားမိပြီး ကျနော့်အနေနဲ့ ပိုပြီးဝမ်းနည်းလာမိတယ်” ဟု ၎င်းက ဆက်ပြောသည်။

သို့ရာတွင် သမိုင်းသုတေသနပိုင်းဆိုင်ရာ ပညာရပ်သည့် လူအနည်းစုသာ ကျွမ်းကျင်တတ်မြောက်နိုင်သည့် ပညာရပ်ပိုင်းဆိုင်ရာဖြစ်သောကြောင့် သမိုင်း၊ ပထဝီ၊ ရှေးဟောင်းသုတေသန၊ ကျောက်စာ စသည့်ပညာရပ်များကို လေ့လာသင်ကြားနေသည့် လူငယ်များထဲမှ ၎င်းလစ်သွားသည့်နေရာများကို ဆက်လက်တာဝန်ယူသင့်ကြောင်း မွန်ပြည်နယ်လူထုဆုံရပ်မှ နိုင်စဝေါမွန်က တိုက်တွန်းလိုက်သည်။

“ကိုယ့်လူမျိုးရဲ့ သမိုင်းကြောင်းကို သုတေသနလုပ်တဲ့လူတွေမရှိရင် ကျွန်တော်တို့ တခြားလူမျိုုးတွေနဲ့ယှဉ်ရတဲ့အခါ သမိုင်းအထောက်အထားကျကျ ဘာမှမပြောနိုင်ဘူးဖြစ်သွားပါလိမ့်မယ်၊ အထူးသဖြင့် မွန်စာပေနဲ့ သမိုင်းအကြောင်းတွေ လေ့လာနေတဲ့လူငယ်တွေကို နိုင်ငံခြားပညာသင်ဆုတွေပေးပြီး ဆက်လက်မြေတောင်မြှောက်ပေးသင့်တယ်၊ အဲဒါမှ ဆရာကြီးတွေနေရာမှာ သူတို့တတွေ ဆက်လက်ထိန်းသိမ်းသွားနိုင်လိမ့်မယ်” ဟု နိုင်စဝေါမွန်က ဆိုသည်။

မွန်စာပေနှင့် သမိုင်းပညာရှင် နိုင်မောင်တိုးနှင့် ဆရာကြီး ဦးစံဝင်းတို့သည် မွန်လူမျိုးအတွက် အစားထိုးမရနိုင်ပညာရှင်တစ်ဦးဖြစ်သကဲ့သို့ မြန်မာနိုင်ငံအတွက် သမိုင်းနှင့်ပတ်သက်၍ အစားထိုးမရနိုင်တော့သည့် ပုဂ္ဂိုလ်များဟု ၄င်းကဆိုသည်။

မွန်စာပေသမိုင်းပညာရှင် နိုင်မောင်တိုးသည် ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းကို မွန်မှမြန်မာဘာသာပြန်ထုတ်ဝေခဲ့သည့်အပြင် အခြေခံ မွန်စကား မွန်စာသင်ကြားနည်း၊ မွန်ဓလေ့နှင့် မွန်မှု၊ မွန်လူမျိုးတို့၏သမိုင်းအကျဉ်း၊ သုဝဏ္ဏှဘူမိနှင့် ဓမ္မစေတီခေါင်းလောင်း ရှာပုံတော်ဆောင်းပါးများစာအုပ်ရေးသားထုတ်ဝေခြင်း၊ မွန်ကျောက်စာသင်တန်းများ အလျဉ်းသင့်သလို ဖွင့်လှစ်သင်ကြားပေးခြင်း၊ အမျိုးသားမှတ်တမ်းများ သမိုင်းမော်ကွန်းတိုက်ဌာန ညွှန်ကြားရေးမှူးဘဝဖြင့် အငြိမ်းစားယူခဲ့ပြီးနောက် လက်ရှိအမာတ်ဒိန်မွန်သတင်းဂျာနယ် အယ်ဒီတာချုပ်အဖြစ် တာဝန်ယူခဲ့သည်။

မွန်တော်လှန်ရေးလှုပ်ရှားမှု ရသစာပေများရေးသားပြုစုနေသူ စာရေးဆရာ မင်းချမ်းထိုက်က “ကျောင်းသင်ခန်းစာမှာ သင်ကြားရတဲ့ သမိုင်းဘာသာကို ကိုတိုး (နိုင်မော်တိုး) မနှစ်သက်၊ သမိုင်းသင်ရိုးထဲမှာ မွန်လူမျိုးတို့ရဲ့ ကျရှုံးခန်းများနေတဲ့အတွက် ဝမ်းနည်းရတယ်လို့ ဆိုပါတယ်” ဟု ၎င်း၏လူမှုစာမျက်တွင် နိုင်မောင်တိုးအကြောင်းကို ရေးသားခဲ့သည်။

ထို့အပြင် ဆရာကြီး ဦးစံဝင်းသည်လည်း သုဝဏ္ဏဘူမိ သုတေသနစာအုပ်ဖြင့် ၂၀၁၃ ခုနှစ်တွင် အမျိုးသားစာပေဆုရရှိခဲ့ခြင်း၊ သမိုင်းဆိုင်ရာစာတမ်းများကို ရေးသားပြုစု၍ ပြည်တွင်းသာမက ထိုင်းနိုင်ငံတက္ကသိုလ်များတွင် ဖတ်ကြားခြင်း၊ ရန်ကုန်အရေးပိုင်ဟောင်း မောရစ်ကောလစ်၏ ရာမညဒေသ ကျိုက္ကသာမြို့ဟောင်း သုသေတနခရီး၊ Mini Dicionary of Abhidhamma (University of Abhidhamma) စသည့်စာအုပ်များအပြင် သမိုင်းသုတေသန ဆောင်းပါးများစွာကိုလည်း ရေးသားပြုစုခဲ့သူဖြစ်သည်။

ကိုဗစ်တတိယလှိုင်းအတွင်း အမျိုးသားမှတ်တမ်းများ သမိုင်းမော်ကွန်းတိုက်ဌာန အငြိမ်းစား ညွှန်ကြားရေးမှူး မွန်စာပေသမိုင်းပညာရှင် နိုင်မောင်တိုး ဇူလိုင်လ ၁၇ ရက်နေ့တွင်ကွယ်လွန်ခဲ့ပြီး ၃ ရက်အကြာ ဇူလိုင်လ ၂၀ ရက်နေ့မှာပင် ယဉ်ကျေးမှုဝန်ကြီးဌာန အငြိမ်းစား လက်ထောက်ညွှန်ကြားရေးမှူး သမိုင်းသုတေသနပညာရှင် ဆရာကြီးဦးစံဝင်းတို့ ၎င်းတို့၏နေအိမ်အသီးသီး၌ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

အလားတူ မြန်မာ့အသံနဲ့ရုပ်မြင်သံကြား MRTV အငြိမ်းစားအရာရှိ (စာပြု) နှင့် မွန်တိုင်းရင်းသားဘာသာ အစီအစဉ်တာဝန်ခံဟောင်း၊ မွန်တူရိယာပတ္တလားဆရာ မင်းထိန်ဝင်း အသက် (၇၄) နှစ်သည်လည်း ကိုဗစ်ရောဂါဝေဒနာဖြင့် ဇူလိုင် ၁၈ ရက်နေ့က ဇာတိမြေဇင်းကျိုက်မြို့၌ ကိုဗစ်ရောဂါဝေဒနာဖြင့် ကွယ်လွန်အနိစ္စရောက်ခဲ့သည်။

Most read this week

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...