မွန်ပြည်နယ်၊ မုဒုံမြို့နယ် နှီးပဒေါကျေးရွာအနီးက သံဖြူဇရပ်-မုဒုံ ကားလမ်း ရေကျော်နေပြီး ကားအစီး ၁၀၀ ကျော် ပိတ်မိနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
သံဖြူဇရပ်-မုဒုံ ကားလမ်းဟာ ဇူလိုင် ၂၀ ရက်နေ့ မနက် ၈ နာရီလောက်ကတည်းက ရေကျော်ခဲ့တာဖြစ်ပြီး ညနေ ၅ နာရီအချိန်ထိ ရေကျသွားခြင်းမရှိသေးပါဘူးလို့ ဆိုပါတယ်။
“အခုလောလောဆယ် ကားအစီး ၁၀၀ လောက် ပိတ်မိနေတယ်၊ မိုး ဒီအတိုင်း ဆက်ရွာနေမယ်ဆိုရင် ဖြတ်လို့ရဦးမှာမဟုတ်သေးဘူး” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
လက်ရှိမှာတော့ သံဖြူဇရပ်-မုဒုံကားလမ်း ရေကျော်နေတဲ့အတွက်ကြောင့် ဖြတ်သန်းသွားလာခွင့် မပြုထားပါဘူး။
သံဖြူဇရပ်-မုဒုံကားလမ်းဟာ မွန်ပြည်နယ် မုဒုံ၊ သံဖြူဇရပ်နဲ့ရေးမြို့နယ်တို့အပြင် တနင်္သာရီတိုင်းကို အဓိကသွားလာနေတဲ့ လမ်းမကြီးတစ်ခု ဖြစ်ပြီး နှစ်စဉ် ကားလမ်းရေကျော်မှုကို ကြုံတွေ့နေရပါတယ်။







